Tuesday, June 5, 2012

ဆန္ဒပြသူများကို သတ်ဖြတ်မှုတွင် ပါဝင်မှုဖြင့် အီဂျစ်သမ္မတဟောင်း မူဘာရက်အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်

Ever November | 6/05/2012 09:07:00 PM | Best Blogger Tips
ကိုင်ရိုမြို့ရှိ တဟီရာရင်ပြင်တွင် မူဘာရက် ဆန့်ကျင်သူများက ဇွန်လ 
၂ ရက်တွင် ဆန္ဒပြနေစဉ်
၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သော ၁၈ ရက်ကြာမြင့်သည့် အီဂျစ်လူထု ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများ အသတ်ခံရမှုတွင် ပါဝင်မှု စွဲချက်ဖြင့် အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက်ကို အီဂျစ်တရားရုံးတစ်ခုက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ မူဘာရက်သည် ယင်းစွဲချက်ဖြင့် သေဒဏ်ကျခံရနိုင်သည့် အခြေအနေမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၈၁ ခုနှစ်တွင် နိုင်ငံကို စတင်အုပ်ချုပ်ခဲ့ပြီး အနှစ် ၃၀ ခန့်အုပ်စိုးခဲ့သော မူဘာရက်၏ အမှုကို ရုံးတင်စစ်ဆေးမှု ၁၀ လခန့် ကြာမြင့်ခဲ့ကာ ဇွန်လ ၂ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
စီရင်ချက် ချမှတ်မှုအပြီး မူဘာရက်ကို တရားရုံးအပြင်ဘက်ရှိ လူနာတင်ကားဆီသို့ ခေါ်ဆောင်လာစဉ်
ပြည်ထဲရေးဝန်ကြီးဟောင်း ဟာဘစ်အယ်လ်အက်ဒလီကိုလည်း ဆန္ဒပြသူများအား သတ်ဖြတ်မှုစွဲချက်ဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သည်။ စွဲချက်တင်ခံထားရသော ရဲမှူးဟောင်းခြောက်ဦးကိုမူ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

မူဘာရက်၏ သားများဖြစ်သော အလာနှင့် ဂါမယ်တို့အပေါ် စွဲဆိုထားသော ခြစားမှုစွဲချက်များမှာ အမှုနှင့်ပတ်သက်၍ သတ်မှတ်ထားသော အချိန်ကာလ ကျော်လွန်သွားသဖြင့် တရားရုံးက ယင်းစွဲချက်များကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ မူဘာရက်အပေါ် စွဲဆိုထားသော ခြ စားမှု စွဲချက်များအနက် တစ်ခုကို ကင်းလွတ်ခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။

တရားသူကြီး အာမက်ဒ်ရီဖက်တ်က စီရင်ချက်ဖတ်ပြနေစဉ် မူဘာရက်မှာ စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ မပြခဲ့ပေ။ တရားသူကြီးက မူဘာရက် အုပ်စိုးခဲ့သော ဆယ်စုနှစ်သုံးခုခန့်မှာ အမှောင်ထုလွှမ်းသော နေ့များဖြစ်ကြောင်း ပြောကြားခဲ့သည်။ မူဘာရက်၏ သားနှစ်ဦးမှာမူ စိတ်ကုန် နေပုံပေါက်ပြီး စီရင်ချက်ကြားသည့်အခါတွင် ငိုမိလုနီးပါး ဖြစ်ခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဟောင်း ဟာဘစ်အယ်လ်အက်ဒလီ တရားရုံးသို့ ရောက်လာစဉ်
မူဘာရက် ရာထူးမှဆင်းပေးခဲ့ရသော ၂၀၁၁ ခုနှစ်၊ အီဂျစ် လူထုတော်လှန်ရေးအတွင်း ဆန္ဒပြသူ ၈၅၀ ဦးအထိ အသတ်ခံခဲ့ရကာ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မူဘာရက်၊ အက်ဒလီနှင့် ရဲမှူးဟောင်းခြောက်ဦးတို့ကို စွဲချက်တင်ကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မူဘာရက်၊ သူ၏သား နှစ်ဦးနှင့် စပိန်သို့ ထွက်ပြေးသွားသော စီးပွားရေးလုပ်ငန်းရှင် ဟူစိန်ဆာလင်မ်တို့ကို ခြစားမှုစွဲချက်များဖြင့် ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားရုံးက စီရင်ချက်များ ဖတ်ကြားပြီးချိန်တွင် တရားရုံးအပြင်ဘက်တွင် ရောက်နေသူများက ''အချည်းနှီး၊ အလကား''၊ ''သန့်ရှင်းမျှတတဲ့ တရားစီရင်ရေးစနစ် ပြည်သူများ အလိုရှိ'' ဟူသော ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။ ဒေါသထွက်နေသော လူအုပ်ကြီးကို ထိန်းချုပ်နိုင် ရန် ရဲများက အသံကျယ်လောင်စွာ ထွက်စေသည့်ဗုံးများ အသုံးပြုခဲ့သည်။
မူဘာရက် သားနှစ်ဦးဖြစ်သော ဂါမယ်မူဘာရက်(၀ဲ)နှင့် အလာမူဘာရက်တို့ကို တရားရုံးထဲတွင် တွေ့ရစဉ်
တရားရုံးတွင်းရောက်နေသော ရှေ့နေများကလည်း ယင်းကဲ့သို့ စွဲချက်များမှ ကင်းလွတ်ခွင့်ပေးမှုများအပေါ် အလွန်အမင်း ဒေါသထွက်ခဲ့ပြီး မူဘာရက်နှင့် အက်ဒလီကို အပြစ်မရှိကြောင်း စီရင်ချက်ချမှတ်မည်ကိုပင် စိုးရိမ်ခဲ့ရကြောင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ မူဘာရက်ကို ထောက်ခံသူများကမူ ယင်းပြစ်ဒဏ်ချမှတ်သည့်အတွက် တရားသူကြီးကို အပြစ်တင်ခဲ့သည်။
စီရင်ချက်ချပြီးနောက် မူဘာရက်ကို ကိုင်ရိုမြို့ရှိ တိုရာအကျဉ်းထောင်တွင် ထားရှိရန် ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည်။ ထောင်သို့ရောက်သောအခါ မူဘာရက်သည် ငိုယိုပြီး ရဟတ်ယာဉ်ပေါ်မှ ဆင်းရန် ငြင်းဆန်ခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရဟတ်ယာဉ်ပေါ်မှဆင်းရန် မူဘာရက်ကို အချိန်အနည်းငယ်ယူ၍ ဖျောင်းဖျပြီးမှသာ ထောင်ထဲသို့ဝင်ခဲ့ကြောင်း ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ မူဘာရက်၏ အပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု သူ၏ အကြီးတန်းရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။   
Ref:CNN;AFP
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1