Tuesday, June 5, 2012

 ပြန်လည်ရင်ကြားစေ့ရေးမလုပ်ပါက အကြမ်းဖက်မှု သံသရာလည်နေမည်ဟု ယင်လက်ခ်ပြောကြား

Ever November | 6/05/2012 09:14:00 PM | Best Blogger Tips
ရှပ်ဝါထောက်ခံသူများ ဘန်ကောက်ရှိ လွှတ်တော်အဆောက်အအုံရှေ့တွင် 
                                                         ဇွန်လ ၁ ရက်က ပိတ်ဆို့ ဆန္ဒပြနေစဉ်
နှစ်များစွာကြာအောင် ပြည်တွင်း မတည်ငြိမ်မှုများ ကြုံတွေ့ခဲ့ပြီးနောက် သဘောကွဲလွဲမှု နက်ရှိုင်းနေသော ထိုင်းနိုင်ငံတွင် ပြန်လည်ရင်ကြားစေ့ရေး မလုပ်ပါက အကြမ်းဖက်မှု သံသရာလည်နေမည်ဟု ၀န်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်က ဇွန်လ ၂ ရက်တွင် သတိပေးခဲ့သည်။

အငြင်းပွားဖွယ်ဖြစ်နေသော ပြန်လည်ရင်ကြားစေ့ရေး ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန် ပြင်ဆင်နေစဉ် ရှပ်ဝါများက လွှတ်တော်ကို ဇွန်လ ၁ ရက်တွင် ပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဇွန်လ ၆ ရက်တွင် ဆွေးနွေးရန် ပြင်ဆင်သတ်မှတ်ခဲ့ရာ ယင်းအစီအစဉ်ကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရကြောင်း အာဏာရဖြူထိုင်းပါတီမှ Udondej Rattanasatien က ပြောကြားခဲ့သည်။

ရှပ်နီနှင့် ရှပ်ဝါဟူ၍ ကွဲပြဲသွားစေခဲ့သည့် ယင်းနိုင်ငံရေးပြဿနာ ပြေလည်စေရေးအတွက် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ယင်လက်ခ်က ထိုင်းရုပ်သံ အစီအစဉ်တစ်ခုမှတစ်ဆင့် ပြောကြားခဲ့သည်။

''နိုင်ငံက တော်တော် အထိနာခဲ့ပြီးပြီ။ ပြန်လည်ရင်ကြားစေ့ရေး လုပ်မယ်ဆိုရင် အဲဒါသင့်တော်တဲ့ နည်းလမ်းပါ။ မလုပ်နိုင်ရင်တော့ အကြမ်းဖက်မှုသံသရာထဲ ပြန်လည်ကျရောက်ပြီးတော့ ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး''ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ အဆိုပြုချက်လေးခုကို လွှတ်တော်တွင် ဆွေးနွေးနေပြီဖြစ်သည်။ ထပ်မံတင်သွင်းဖွယ်ရှိသည့် ဥပဒေကြမ်းသုံးခုတွင် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးသည့် အကြောင်းများပါဝင်ပြီး ယင်းကိုအသုံးချကာ ပြည်ပတိမ်းရှောင်နေသော သက်ဆင်အား နိုင်ငံသို့ ပြန်လာခွင့် ရစေရန် ကြိုးပမ်းမည်ကို အတိုက်အခံ ဒီမိုကရက်ပါတီက စိုးရိမ်နေသည်။
AFP

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1