Tuesday, June 5, 2012

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ အလှူငွေ ကောက်ခံခြင်းနှင့် ရန်ပုံငွေ ရှာဖွေခြင်းမျိုး မပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ကျောင်းအချို့လိုက်နာမှု အားနည်း

Ever November | 6/05/2012 08:35:00 PM | Best Blogger Tips
၂၀၁၂-၂၀၁၃ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများ အားလုံး ဇွန်လ ၁ ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့ကြကြောင်း သိရှိရသည်။

ကျောင်းအပ်လက်ခံရာတွင် မသင်မနေရ မူလတန်း ပညာရေးစနစ်အရ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းအပ်နှံမှုမှာ အခမဲ့ဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ အတွက်ကိုမူ သက်ဆိုင်ရာ အတန်းအလိုက် မိဘ ဆရာအသင်းကြေးတို့သာ ကောက်ခံကြရမည်ဖြစ်ကာ ကျောင်းသားမိဘ များအား အလှူငွေကောက်ခံခြင်း၊ အခြားသော ခေါင်းစဉ်များဖြင့် ငွေကြေးကောက်ခံခြင်း၊ ပြင်ပမှ ထုတ်ဝေသည့် Student's Guide များ၊ မှတ်စုတိုများ၊ လေ့ကျင့်ခန်း စာအုပ်များ ရောင်းချခြင်းများကို မပြုလုပ်ကြ ဘဲ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့်အတိုင်း လိုက်နာရန် အခြေခံပညာကျောင်းများကို ညွှန်ကြားထားကြောင်း သိရသည်။

''အခြေခံပညာ မူလတန်းအဆင့်မှာ ကျောင်းသား ကျောင်းသူတွေအတွက် တစ်ဦးကို ကျောင်းသုံးစာအုပ် အပြည့်အစုံနဲ့ လေ့ကျင့်ခန်းစာအုပ် ခြောက်အုပ်စီတို့ကို အခကြေးငွေပေးစရာမလိုဘဲ အခမဲ့ ဖြန့်ဝေပေးဖို့ ဖြစ်ပါတယ်။ ဘာအလှူငွေမှကောက်ရမှာ မဟုတ်ပါဘူး''ဟု အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ညွှန်ကြားမှုများ ပြုလုပ်ထားသော်လည်း ကျောင်းအချို့၌ အဆိုပါ ညွှန်ကြားချက်များကို လိုက်နာမှု အားနည်းလျက်ရှိကြောင်း သိရှိရပါသည်။

''ကလေး သူငယ်တန်းတက်ဖို့ ကျောင်းသွားအပ်တာကို ကျောင်းအုပ်ဆရာမကြီးနဲ့ ၀င်တွေ့ခိုင်းပါတယ်။ သွားတွေ့တော့ ဧည့်သည်ရှိလို့ဆိုပြီး အပြင်မှာစောင့်ခိုင်းတယ်။ နှစ်နာရီကြာတဲ့အထိ တွေ့ခွင့်မပေးလို့ စာရေးမကို ၀င်ကြည့်ခိုင်းတော့ အနောက်တံခါးက ထွက်သွားပြီပြောတယ်။ မြို့နယ်ပညာရေးမှူးရုံးက အဲဒီကျောင်းထဲမှာပဲရှိတာဆိုတော့ သွားတွေ့ပြီး အကျိုးအကြောင်းပြောပြတော့ နောက်နေ့ ထပ်လာဖို့ချိန်းတယ်'' စမ်းချောင်းမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောပြခဲ့ပါသည်။

ထို့အပြင် အချို့သောကျောင်းများတွင် ကြားခံပုဂ္ဂိုလ်မှတစ်ဆင့် ဆောင်ရွက်မှသာ ကျောင်းဝင်ခွင့် ရရှိရေးအတွက် အဆင်ပြေမှုများ ရှိနေကြောင်း သိရှိရပါသည်။

''ကျောင်းဝင်ခွင့် ဖောင်ထဲကအတိုင်းဆို ကိုယ့်မြို့နယ်ထဲက ခွဲတမ်းကျောင်းတွေ၊ ကိုယ့်မြို့နယ်ထဲကကလေးတွေဆိုရင် ကျောင်းအပ်လို့ အဆင်ပြေတယ်လေ။ အခုက ကိုယ့်မြို့နယ်ထဲက ကျောင်းမှာအပ်ဖို့ကို ခက်ခဲနေတာပါ။ အခု ကျောင်းဝင်ခွင့် လွယ်လွယ် နဲ့ ရသွားတဲ့အထဲမှာ နယ်ကျော်ကျောင်းသားတွေ အများကြီးပဲ။ ပွဲစားကနေတစ်ဆင့် ကျောင်းအပ်ကြတာပါ။ ပွဲစားခက သူ့အတန်းအလိုက် ကျပ်သုံးသိန်းခွဲ၊ ငါးသိန်းနဲ့ ခြောက်သိန်းအထိ ရှိပါတယ်'' ဟု စမ်းချောင်းမြို့နယ်ရှိ အထက်တန်းကျောင်းသို့ ကျောင်းအပ်နှံရန် ကြိုးပမ်းခဲ့သူက ပြောပြသည်။

''ကလေးကို လေးတန်းအောင်လို့ ကျောင်းပြောင်းဖို့ ကျောင်းထွက် လက်မှတ်ထုတ်ယူတာ အလှူငွေထည့်ဆိုလို့ ထည့်တော့ နည်းတယ်ဆိုပြီး ထပ်ထည့်ရတယ်''ဟု တာမွေမြို့နယ်မှ ဒေါ်မိမိက ပြောပါသည်။ မူလတန်း ကျောင်းအပ်နှံခြင်းနှင့် ကျောင်းအပြောင်းအရွှေ့၌  ကျောင်းထွက် လက်မှတ်များ ထုတ်ယူရာတို့တွင် အကြောင်းအရာ အမျိုးမျိုးဖြင့် အလှူငွေကောက်ခံခဲ့ကြမှုများမှာ စမ်းချောင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် အခြားသော ဆင်ခြေဖုန်းမြို့နယ်များ၌လည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1