သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်ရှေ့၌ ရမ်းကား၍ လူသတ်မှုကျူးလွန်ခဲ့သည်ဆိုသူ ၁၃ ဦးတို့ အပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁) (ခ)/၃၄ နှင့် ပုဒ်မ ၃၀၂(၁)(ခ)တို့အရ ပြစ်မှုထင်ရှားသဖြင့် သေဒဏ် အသီးသီး ကျခံစေရန် တောင်ပိုင်း ခရိုင် တရားရုံး ဒုတိယ ခရိုင် တရားသူကြီး(၁)က ဇွန်လ ၂၂ ရက်နေ့က စီရင်ချက် ချမှတ်လိုက်ကြောင်း သိရသည်။
အမှုဖြစ်ပွားပုံမှာ ယမန်နှစ် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင်
  သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက် မြရတနာအိမ်ရာ၊ မြရတနာလမ်းနေ ဒေါ်ရင်ရင်ရွှေ (၇၀ နှစ်)သည် ကျိုက်ခေါက်
  ဘုရားလမ်းရှိ သားဖြစ်သူ ကိုယုဝေ ပိုင်ဆိုင်သည့် သုခဝေ စားသောက်ဆိုင်ရှေ့၌ သားဖြစ်သူနှင့်အတူရပ်ကာ စကားပြောနေခဲ့သည်။  
ထိုစဉ် အမည်မသိသူ ခုနစ်ဦးတို့ ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး မွန်းလွဲ ၂ နာရီ
  အချိန်ခန့်က စားသောက်ဆိုင်ရှေ့တွင် လူများ
  ရှုပ်နေ၍ "လူမိုက်တွေလားမသိဘူး လာကြည့်ပါဦး"ဟု သက်ဆိုင်ရာရဲစခန်းသို့ ဖုန်းဆက်
  အကြောင်းကြားသည့်အပေါ် မကျေနပ်၍
  ပြန်ရောက်လာခြင်းဖြစ်ပြီး "ရဲစခန်းသို့
  ဖုန်းဆက်သူမှာ မည်သူနည်း"ဟု မေးခဲ့သည်။
 ဒေါ်ရင်ရင်ရွှေက ဖုန်းဆက်သူမှာ ၎င်း
  ဖြစ်ကြောင်း ပြန်ပြောလိုက်ချိန်တွင် လူခုနစ်ဦး
  အနက် တစ်ဦးက ဒေါ်ရင်ရင်ရွှေ၏ ရှေ့မှောက်
  ၌ပင် သားဖြစ်သူကို ပါးရိုက်ခဲ့သည်ဟု
  ဆိုသည်။ 
ပါးရိုက်ပြီးနောက် ဆိုင်ထဲသို့ အဓမ္မ
  ဆွဲခေါ်သွားခဲ့ကြချိန်တွင် ဒေါ်ရင်ရင်ရွှေက
  လမ်းဘေးရှိ တယ်လီဖုန်းဖြင့် သန်လျင်
  ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား
  ခဲ့သည်။  
ရဲစခန်းသို့ အကြောင်းကြားပြီးနောက်
  ဆိုင်ထဲသို့ ၀င်ရောက်ကြည့်ရှုစဉ် လူစိမ်း
  ခုနစ်ဦးကို မတွေ့ရတော့ဘဲ သားဖြစ်သူ
  ကိုယုဝေမှာ ဆိုင်ကောင်တာနောက်၌ ၀ဲလက်
  ပြင်အောက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ကျောလယ်
  တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဆီးခုံဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးနေသည်ကို တွေ့ရသည်။
 ဒေါ်ရင်ရင်ရွှေက တိုင်တန်းသဖြင့် သန်လျင်
  ရဲစခန်းက (ပ)၅၈၄/၁၁ ပြစ်မှုဆိုင်ရာ ဥပဒေ
  ပုဒ်မ ၃၀၂/၁၁၄ အရ အရေးယူကာ တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့မှုဖြစ်သည်။  
ယင်းအမှုကို ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံး ဒုတိယတရားသူကြီး(၁)ရုံးက 
ကြားနာစစ်ဆေးပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁) (ခ) ၃၄/နှင့် ပုဒ်မ ၃၀၂ 
(၁)(ခ) တို့
  အရ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားသဖြင့် သန်လျင်မြို့နယ်
  နှင့် သာကေတမြို့နယ်တွင် နေထိုင်ကြသည့် လှမိုး၊ မအေးအေးစိုး၊
  ငသက်(ခ) သက်လင်းနိုင်၊ ဘူမောင်၊ ကရင်(ခ) ကိုကိုနိုင်၊ ကျားကြီး
  (ခ) ကျော်နိုင်ဝင်း၊ မိုးဆန်း၊ မဖြူဖြူခင်၊ ရာဇ(ခ)ရာဇာထွန်း၊ အရုပ်သည် 
(ခ) သန်းမိုးထွန်း၊ ဖိုးအေး၊ စိုးတင့် (ခ) ကုလားဘုရား
  နှင့် မှဲ့ကြီး (ခ) ကျော်ထွန်း တို့ကို သေဒဏ်အသီးသီး ကျခံစေရန်၊
  ၎င်းတရားခံများအားလုံးကို မသေမချင်း ကြိုးကွင်းစွပ်၍ သတ်ရမည်ဟု အမိန့် 
ချမှတ်ခဲ့သည်။
 တောင်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး(၁)၏ ရုံးအမိန့်တွင် 
(၁) တရားခံလှမိုးနှင့် (၂)တရားခံ မအေးအေးစိုးတို့သည် 
အခင်းဖြစ်ဆိုင်ခန်းနှင့်ပတ်သက်၍ ကိုယုဝေက ဖယ်မပေးသည့်အတွက် ဖယ်ရှားနိုင်ရန်
 (၄) တရားခံဘူမောင်နှင့် ၎င်း၏ညီမ
  (၈) တရားခံမဖြူဖြူခင်တို့နှင့် ဆက်သွယ်ခဲ့ပြီး (၃) တရားခံ ငသက်
  (ခ) သက်လင်းနိုင်၊ (၅) တရားခံ ကရင်(ခ) ကိုကိုနိုင်၊ (၆) တရားခံ
  ကျားကြီး (၇) တရားခံ မိုးဆန်း၊ (၉) တရားခံရာဇာ (ခ)ရာဇာထွန်း၊
  (၁၀) တရားခံ အရုပ်သည် (ခ) သန်းမိုးထွန်း၊ (၁၁) တရားခံ ဖိုးအေး၊
  (၁၂) တရားခံ စိုးတင့် (ခ) ကုလားဘုရား၊ (၁၃) တရားခံမှဲ့ကြီး
  (ခ) ကျော်ထွန်းနှင့် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများ
  ဖြစ်သည့် အခင်းဖြစ်ချိန်က ကားမောင်းသူတရားခံ ကိုရဲ၊ ကြည်စိုး၊ 
သန်းဇော်တို့ ၁၂ ဦးနှင့်အတူ ပူးပေါင်း ပြီး ကိုယုဝေ အား မိမိတို့၏
  အကြံထမြောက်စေရန်သော်လည်းကောင်း၊ တင်ကူးကြံရွယ်ချက်ဖြင့် သေစေခဲ့ကြောင်း၊
 လူသတ်ခဲ့ကြောင်း တွေ့ရှိ ရသည်ဟု တရားသူကြီး၏ အမိန့်ချမှတ်မှုတွင် 
ဖော်ပြခဲ့သည်။
 ဤအမှုမဖြစ်မီ ၁၄-၇-၂၀၁၁ နေ့က သေသူကိုယုဝေ၏ဆိုင်သို့
  ခိုးယူ သည်ဟုဆိုပြီး တရားခံများဖြစ်သည့် မိုးဆန်း၊ ရာဇာ (ခ) ရာဇာ
  ထွန်း၊ ကျားကြီး (ခ) ကျော်နိုင်ဝင်း၊ ငသက်(ခ) သက်လင်းနိုင်နှင့်
  မအေးအေးစိုးတို့အား သေသူကိုယုဝေက တရားလိုပြုလုပ်ကာ
  ပြစ်မှုဆိုင်ရာပုဒ်မ ၃၈၀/၃၂၄/၃၂၃/၅၀၆/၁၁၄ အရ စွဲဆိုထား
  စဉ် ၂၀-၇-၂၀၁၁ ရက်နေ့တွင် တစ်ဖန် ၎င်းဆိုင်သို့ ၀င်ရောက်ခဲ့ပြီး
  ကိုယုဝေအားသေစေခဲ့ရာ ၎င်းအမှုတွင် ကိုယုဝေအား တရားလို
  အဖြစ် စစ်ဆေးနိုင်ခြင်းမရှိသည်ကို တွေ့ရပြီး ဤအမှုနှင့် ၎င်းအမှု တစ်ပေါင်းတည်း စွဲတင်ခဲ့ ခြင်းဖြစ်သည်။ 
၎င်းအမှုအမှတ်မှာ ပြစ်မှုကြီး ၄၉/၂၀၁၁ ဖြစ်သည်။
 ယင်းအမှုဖွင့်ထားစဉ် ယခုအမှု ထပ်မံ
  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 "တရားခံသည် လူတစ်ဦးအား သတ်သင့်၊ မသတ်သင့် အချိန်ယူ
  စဉ်းစားပြီး သတ်မည်ဟုဆုံးဖြတ်ကာ ယင်းဆုံးဖြတ်ချက်အရ တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုကျူးလွန်ရာရောက်သည်။
 အဓိကအားဖြင့် စဉ်းစားရန်အချိန်ရှိရမည်။
 စဉ်းစားပြီးနောက်
  သတ်မည်ဟုဆုံးဖြတ်ချက်ချကာ ပြုလုပ်ခြင်းဖြစ်ရမည်" ဟု 'အထွေး
  နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်' အမှုတွင် စီရင်လမ်းညွှန်ထားသည်ဟု တရားသူကြီး၏အမိန့်တွင် ဖော်ပြထားသည်။  
၎င်းအပြင် "တင်ကူးကြံရွယ်မှုရှိသည် မရှိသည် ဆိုသောအချက်မှာ အကြောင်းခြင်းရာပြဿနာဖြစ်သောကြောင့် အမှုကိုလိုက်၍
  ပေါ်ပေါက်နေသော ပတ်ဝန်းကျင်အခြေအနေများပေါ်တွင်
  မူတည်၍ စဉ်းစားရသည်။ 
တင်ကူးကြံရွယ်မှုရှိကြောင်း သက်သေ
  အထောက်အထားများရှိနေလျှင် ဤပုဒ်မခွဲအရ ပြစ်မှုထင်ရှား
  စီရင်ရမည်"ဟု "မောင်အောင်ထွေးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်" အမှုတွင်လည်း စီရင်လမ်းညွှန်ထားပြီးဖြစ်သည်။  
သို့ဖြစ်၍ အခင်းဖြစ်နေ့က အခင်းဖြစ်နေရာသို့ မနက်ပိုင်း
  တစ်ကြိမ်၊ ညနေ ၃ နာရီ တစ်ကြိမ်၊ နှစ်ကြိမ် သွားရောက်ခဲ့စဉ်က တရားခံ များပါဝင်ခဲ့ကြသည်။ 
ကိုယုဝေ၏ ဆိုင်အတွင်းသို့ ၀င်ရောက်ကာ  တင်ကူးကြံရွယ်ချက်ဖြင့် ဓားနှင့်ထိုးခဲ့၍ ကိုယုဝေအား
  သေစေခဲ့သည်ဖြစ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁)(ခ) အရ
  အပြစ်ရှိကြောင်း တွေ့ရှိရသည်ဖြစ်၍ အပြစ်ပေးရန်သာရှိပြီး
  အခင်းဖြစ်စဉ်က ဆိုင်အတွင်းသို့ ၀င်ရောက်ခြင်းမရှိသော်လည်း
  ဆိုင်ပြင်ပတွင် တရားခံခြောက်ဦးကို အကြံအစည်အောင်မြင်စေရန် စောင့်ဆိုင်းနေကြသော တရားခံ များကိုလည်း ၃၀၂ (၁) (ခ)/
  ၃၄ အရ အပြစ်ပေးရန်သာရှိသည်ဟု စီရင်ထုံးအကိုးအကားဖြင့်
  တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။  
ဤအမှု၏ အဓိကတရားခံများဖြစ်သည့် (၁) တရားခံလှမိုးနှင့်
  ဇနီးဖြစ်သူ (၂) တရားခံ မအေးအေးစိုးတို့မှာ ၎င်း၏ အခင်းဖြစ်ပွား
  ရာဆိုင်ခန်းမှ ဖယ်ရှားမပေးသဖြင့် (၄) တရားခံ လူမောင်နှင့်
  (၈) တရားခံ မဖြူဖြူခင်တို့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အထက်
  ဖော်ပြပါ တရားခံများဖြစ်သည့် ရာဇာ(ခ) ရာဇာထွန်းအပါအ၀င်
  ၁၂ ဦးတို့နှင့် ကိုယုဝေအားဆိုင်မှ ဖယ်ရှားပေးစေရန် ရည်ရွယ်
  ချက်ဖြင့် ငှားရမ်းကာ လူသတ်စေခဲ့သည်ဖြစ်၍ အကြံတူတစ်ခုကို အထမြောက်စေရန် ပြုမူဆောင်ရွက်ခဲ့သည်ဖြစ်ပြီး ၎င်းတရားခံ
  များလည်း ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂(၁)(ခ)/ ၃၄အရ အပြစ်ရှိကြောင်း သုံးသပ်တွေ့ရှိရကြောင်း စီရင်ချက်တွင် ဖော်ပြထားသည်။
Myanmar Times 
No comments:
Post a Comment