၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ဖြစ်ပွားခဲ့သည့် စက်ရုံ၊ အလုပ်ရုံပေါင်း ၈၁ ရုံမှ အလုပ်သမား ဆန္ဒ ပြမှုအားလုံး ဖြေရှင်းပြေလည်ပြီး ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။
“ဒီကနေ့ပဲ မင်္ဂလာဒုံစက်မှုဇုန်က Famoso အထည်ချုပ်စက်ရုံနဲ့ တော်ဝင်မိသားစု
 ဆောက်လုပ်ရေးက  ဆောက်လုပ်ရေး အလုပ်သမားတွေရဲ့ မပြေလည်မှုကို 
ဖြေရှင်းပြီးစီးသွားပါပြီ။ လက်ရှိအချိန်ထိတော့ ဆန္ဒပြတောင်းဆိုတဲ့ 
စက်ရုံမရှိသေးပါဘူး။ အားလုံးပြေလည်သွားပြီ။ အလုပ်သ မားဆန္ဒပြတောင်းဆိုမှုက 
ဒီကနေ့ ရရှိတဲ့ စာရင်းဇယားအရ စက်ရုံ၊ အလုပ်ရုံ ၈၁ ရုံမှာ ဖြစ်ပွားခဲ့ပါတယ်”
 ဟု အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး 
ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဇူလိုင်လ ၆ ရက်နေ့က 
ပြောကြားခဲ့ပါသည်။
မေလနှင့်ဇွန်လ အတွင်း၌ အခြေခံ လစာနှင့်ပတ်သက်၍ ဆန္ဒပြခဲ့သော စက်ရုံပေါင်း
 ၇၀ ကျော်ရှိပြီး စက်ရုံ အများစုမှာ ၀န်ကြီးဌာနမှ သတ်မှတ်ပေးခဲ့သော 
ယာယီအခြေခံလစာ ကျပ် ၅၆၇၇၀ (OT ကြေးအပါ)နှင့် ဇွန်လအကုန်တွင် 
ညှိနှိုင်းပြေလည်မှု ရရှိခဲ့ကြောင်း စက်မှုဇုန်ကော်မတီရုံးများထံမှ သိရှိရသည်။
မေလနှင့်ဇွန်လအတွင်း  ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာ စက်မှုဇုန်၊ 
ရွှေပြည်သာစက်မှုဇုန်၊ တောင်ဒဂုံစက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်၊ 
မှော်ဘီစက်မှုဇုန်များတွင် ဆန္ဒပြသည့် စက်ရုံပေါင်း ၇၀ ကျော် ရှိခဲ့ပြီး 
ဆန္ဒပြအလုပ်သမားဦးရေမှာ ၄၀၀၀၀ ခန့်ရှိခဲ့သည်။
အဆိုပါဆန္ဒပြခဲ့သည့် စက်ရုံများတွင် အထည်ချုပ်စက်ရုံ၊  ဖိနပ်စက်ရုံ၊ 
ဆံပင်တုစက်ရုံ၊ ဇာထိုးပန်ထိုး စက်ရုံ၊ ပီနံအိတ်စက်ရုံ၊ သံမဏိစက်ရုံ၊ 
အရက်ချက်စက်ရုံ၊ ရေလုပ်ငန်းစက်ရုံများ ပါဝင်ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ခဲ့ကြသည့်စက်ရုံ များပြားလာ၍ ဇွန်လ ၁၂ ရက်နေ့ ၌ 
အလုပ်သမားဝန်ကြီးဌာနမှ အခြေခံ လစာအားကျပ် ၅၆၇၇၀ ဖြင့် အိုတီကြေးအပါပေးရန် 
စက်မှုဇုန်များရှိ စက်ရုံများသို့ အကြောင်းကြားခဲ့ကာ စက်ရုံများမှ 
လိုက်လျောခဲ့၍ ညှိနှိုင်း ပြေလည်မှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စက်ရုံအများစု၌ ယခင်က အခြေခံလစာမှာ ကျပ် ၈၀၀၀ မှ ကျပ် ၄၀၀၀၀ ၀န်းကျင်သာ 
ရရှိခဲ့ကြကြောင်း၊ တစ်ရက်ပျက်လျှင် ဒဏ်ကြေးငွေကျပ် ၁၀၀၀၀ ထိ 
ဖြတ်ခြင်းများရှိခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အလုပ်သမားတွေလည်း 
မထိခိုက်အောင် အလုပ်ရှင် တွေလည်း မနစ်နာအောင် အခြေခံ လစာ 
ယာယီသတ်မှတ်တယ်။လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေကြား ညှိနှိုင်းပြေလည်မှုတွေ 
ရရှိအောင် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
EMG 


No comments:
Post a Comment