Friday, August 3, 2012

ရန်ကုန်မြို့တွင်း တိုက်ခန်းများ အငှားသွက်နေ

Ever November | 8/03/2012 04:52:00 PM | Best Blogger Tips

ရန်ကုန်မြို့၏ အချက်အချာ ကျနေသော မြို့လယ်ကောင်နှင့် မြို့ထဲ အနီးတစ်ဝိုက်ရှိ တိုက်ခန်းများ၊ ကွန်ဒိုမီနီယံများတွင် ကုမ္ပဏီရုံးခန်းများနှင့် ဆိုင်ခန်းများဖွင့်လှစ်ရန် အတွက် ငှားရမ်းမှုများ ပိုမိုများလာကြောင်း ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေကြသူ အများစုကဆိုသည်။
“လာငှားတဲ့သူတွေ ပိုများတယ်။ ဝယ်တဲ့သူတွေလဲရှိတော့ရှိပါတယ်။ ဒါပေမယ့်ငှားကြတာ ပိုများတယ်။ ဘာလို့လဲဆိုတော့ ငှားထားတာတော့ တစ်နေရာနဲ့ တစ်နေရာကို အပြောင်းအရွှေ့လုပ်ဖို့လွယ်တယ်။ ဒီနေရာအဆင်မပြေရင် နောက်တစ်နေရာပြောင်းလို့လွယ်တာပေါ့”ဟု တာမွေမြို့နယ် အခြေစိုက် ရှင်းသန့်အောင်အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
တိုက်ခန်းများ ငှားရမ်းကြသူအများစုက မြေညီထပ်များနှင့် ပထမထပ်များတွင် ငှားရမ်း၍ဆိုင်ခန်းများ၊Internetဆိုင်များဖွင့်လှစ်ရန် ငှားကြခြင်းမျိုးဖြစ်သော်လည်း ကွန်ဒိုမီနီယံများတွင်မူကုမ္ပဏီရုံးခန်းများ ဖွင့်ရန်ငှားရမ်းခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ်အခြေစိုက် အောင် သမာဓိ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဓိက ငှားရမ်းမှုများနေသော နေရာများမှာ ကမာရွတ်၊ စမ်းချောင်း၊ လသာ၊ ကျောက်တံတားနှင့် တာမွေမြို့နယ်တို့ဖြစ်ပြီး ထိုနေရာများတွင် အခန်းငှားရမ်းခနှုန်းထားများမှာ အထပ်အမြင့်အလိုက် ဈေးအစားစား ရှိကြောင်းသိရသည်။
“ဆိုင်ခန်းငှားဖို့အတွက်ဆိုပြီး မြေညီထပ်တွေမှာ ငှားလိုသူတွေ များနေတယ်။ ငှားရင်လဲတစ်နှစ်စာချုပ်တို့ ခြောက်လစာချုပ်တို့နဲ့ ငှားကြ တယ်”ဟု လှိုင်သာယာမြို့နယ်ရှိ ပြည့်စုံအိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ခန်းအငှားဈေးနှုန်းများမှာ နေရာဒေသအလိုက်ကွဲပြားသော်လည်း မြေညီထပ်ဖြစ်ပြီး စီးပွားရေးလုပ်ရန် သင့်တော်သည့် အကျယ် အဝန်းနှင့် နေရာကောင်းတွင်ရှိလျှင် ၂ သိန်းမှ ၁၀ သိန်းအထိရှိကြောင်း သိရသည်။
ရုံးခန်းဖွင့်ရန် သင့်တော်သည့် အကျယ်အဝန်းနှင့် မြို့ထဲအနီးတစ်ဝိုက်တွင်ရှိသော ကွန်ဒိုမီနီယံများဆိုလျှင် ၄ သိန်းမှ ၁၆ သိန်းအထိ ဈေးနှုန်းအစားစားရှိကြောင်း ရန်ကုန်မြို့အနေစိုက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အထက်ပါဆိုင်ခန်း၊ ကုမ္ပဏီရုံးခန်း ဖွင့်ရန် တိုက်ခန်း/ကွန်ဒိုမီနီယံများ အလုပ်ဖြစ်နေရခြင်းမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်လာမည်ဖြစ်သောကြောင့် ဖြစ်ကြောင်း သိရသည်။
ညိမ်းပြည့်စုံ
Venus News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1