Saturday, September 29, 2012

ကိုယ်ဝန်ဆောင်ချိန် အထူးလိုအပ်သည့် အာဟာရများ

Ever November | 9/29/2012 10:01:00 AM | Best Blogger Tips

ကိုယ်ဝန် ဆောင်ချိန်မှာ မိခင်ရော ဗိုက်ထဲက သန္ဓေသားပါ အာဟာရ လိုအပ်ချက် ပြည့်မီစေဖို့ အစားအသောက်မျိုးစုံကို  ရွေးချယ် စားသောက်ဖို့ အရေးကြီးပါတယ်။
အဓိက စားသင့်သည်များ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ၊ အခွံချွတ်မထားတဲ့ ပေါင်မုန့်နဲ့ ကွေကာများများ၊ အဆီနည်းအသား၊ ငါး၊ နို့နဲ့နို့ထွက်ပစ္စည်း အသင့်အတင့်၊ သကြား၊ ဆားနဲ့အဆီ ပါဝင်မှုများတဲ့ အစာအနည်းငယ်၊ အခြောက်အခြမ်း လုပ်ထားတဲ့ ပဲအမျိုးမျိုး၊ ပဲနီလေး၊ အခွံမာသီးနဲ့ အစေ့အဆန်။
ဖောလစ်အက်စစ် (ဖောလိတ်)
အမျိုးသမီးတစ်ယောက်ဟာ နေ့စဉ်စားသောက်တဲ့ အစားအသောက်ကနေ အနည်းဆုံး ဖောလိတ် ၆၀၀ မိုက်ခရိုဂရမ်ခန့် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်လိုအပ်ချက်က ပိုမြင့်မားလာပါတယ်။ ဖောလိတ်ဓာတ်ဟာ မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေးမွေးဖွားမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဖောလိတ်ဓာတ်ပါတဲ့ အကောင်းဆုံး အစားအသောက်တွေက ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ကုလားပဲ၊ ပဲသီး၊ ပဲနီလေး၊ ဟင်းနုနယ်ရွက်တို့ဖြစ်ပြီး ဖောလိတ်ဓာတ် ပါဝင်မှုများတဲ့ အစားအသောက်တွေက ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်မြိတ်၊ လိမ္မော်သီး၊ တရုတ်နံနံ၊ ပဲ၊ ဂျုံ၊ ပေါင်မုန့်ညိုတို့ ဖြစ်ကြပါတယ်။ ဖောလိတ်ဓာတ် အသင့်အတင့်ပါတဲ့ အစားအသောက်တွေက အာလူး၊ ဆယ်လ်မွန်ငါး၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ မြေပဲ၊ သီဟိုဠ်စေ့ စတာတွေ ဖြစ်ကြပါတယ်။ တိရစ္ဆာန် အသည်းတွေမှာ ဖောလိတ်ပါဝင်မှု မြင့်မားပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်ကြောင်း ဆိုပါတယ်။ အကြောင်းကတော့ ဗီတာမင်အေ ပါဝင်မှုများလို့ပါ။
သံဓာတ်
ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ် လိုအပ်မှုကလည်း မြင့်မားလာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ သံဓာတ်ကို ရရှိစေဖို့ နေ့စဉ်သံဓာတ်ပါတဲ့ အစားအသောက်ကို စားပေးသင့်ပါတယ်။ နေ့စဉ်သံဓာတ်ပါတဲ့ အစားအစာ (ဥပမာ- အနီရောင်အသား) ကိုစားတဲ့အခါ သံဓာတ်စုပ်ယူမှု ကောင်းစေဖို့ ဗီတာမင်စီ များများပါတဲ့ အရည် (ဥပမာ- လိမ္မော်ရည်) နဲ့ တွဲသောက်သင့်ပါတယ်။
အိုင်အိုဒင်း
အိုင်အိုဒင်းဟာ သိုင်းရွိုက်ဟော်မုန်း ထွက်ရှိဖို့အတွက် လိုအပ်တဲ့ အရေးကြီး သတ္တုဓာတ်တစ်မျိုး ဖြစ်ပြီး ကြီးထွားဖို့နဲ့ ဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အိုင်အိုဒင်းဓာတ် မလုံလောက်တာကြောင့် မွေးကင်းစ ကလေးငယ်မှာ ဉာဏ်ရည် ချို့တဲ့တာနဲ့ အရိုးပုံပျက်တာတို့ ဖြစ်နိုင်ခြေ များပါတယ်။ အိုင်အိုဒင်းဓာတ် ပါဝင်တဲ့ အစားအစာတွေက ပင်လယ်စာ၊ ကျောက်ပွင့်၊ ရေမှော်၊ ဥအမျိုးမျိုး၊ အသားနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ ဖြစ်ကြပါတယ်။
ဗီတာမင်အေ
ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်အေ လိုအပ်ချက်များပေမယ့် ကိုယ်ဝန်ဆောင် အားဆေးတွေမှာ ဗီတာမင်အေ ပါဝင်နေတတ်ပါတယ်။ ဗီတာမင်အေ အလွန်အမင်းများရင် မွေးရာပါ ချို့ယွင်းချက်ပါတဲ့ကလေး မွေးဖွားနိုင်ခြေ ရှိပါတယ်။
မာလ်တီဗီတာမင် ဖြည့်စွက်ဆေး
ကိုယ်ဝန်ဆောင်မိခင်က သက်သတ်လွတ်စားသူဖြစ်ရင်၊ အစားအစာကို အလုံအလောက်မစားတဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ဖြစ်ရင်၊ အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးမှီဝဲသူ ဖြစ်ရင်၊ အဝလွန်တာကြောင့် ကိုယ်အလေးချိန် ထိန်းနေရရင် ဗီတာမင်နဲ့ သတ္တုဓာတ်အစုံပါတဲ့ ဖြည့်စွက်ဆေးကို လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ပျို့ချင်အန်ချင်စိတ် ဖြစ်ပေါ်ခြင်းနှင့် ပျို့အန်ခြင်း
ကိုယ်ဝန်ဆောင်စဉ် ပျို့အန်မှုဟာ နံနက်ခင်းမှာ အဓိက ဖြစ်ပေါ်တတ်သလို ကိုယ်ဝန်ပထမ သုံးလအတွင်း ဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုပျို့ချင်အန်ချင်စိတ် ပေါ်တာနဲ့ ပျို့အန်တဲ့ ဝေဒနာ သက်သာစေဖို့ အောက်ပါအချက်တွေကို လိုက်နာရပါမယ်။
- နှစ်နာရီ- သုံးနာရီကြာတိုင်း ကာဗိုဟိုက်ဒရိတ်ပါတဲ့ သရေစာ (ဥပမာ-သစ်သီး၊ ဆင်းဒဝှစ်ခ်ျ) ကိုစားပေးပါ။
- နံနက်ခင်း အိပ်ရာထချိန် ပေါင်မုန့်၊ ဘီစကွတ်မုန့်နဲ့ ကွေကာတို့ စားပေးပါ။ အိပ်ရာကနေ ဖြည်းဖြည်းချင်းထပါ။
- အစာစားချိန် တစ်ချိန်နဲ့တစ်ချိန်ကြား ရေအနည်းငယ် သောက်ပါ။
- တစ်ချိန်တည်းနဲ့ အစာများများ၊ အထူးသဖြင့် အဆီများပြီး ဟင်းခတ်အမွှေးအကြိုင် ကဲတဲ့အစာ မစားပါနဲ့။
- သံပရာသီးစိတ် လိုချဉ်တဲ့အရာကို ငုံထားပါ။
- ဖြစ်နိုင်ရင် မကြာခဏ အနားယူပြီး လေကောင်းလေသန့် ရှူရှိုက်ပါ။ လေဝင်လေထွက် ကောင်းပြီး အနံ့ဆိုးကင်းတဲ့ နေရာမှာနေပါ။
- ပျို့ချင်အန်ချင်စိတ် ပေါ်လာရင် အနံ့မွှေးတဲ့ သစ်သီးဖျော်ရည် သောက်ပါ။
- ချင်း (ဂျင်း) ပါတဲ့ အစားအသောက်ကို စားပါ။
ကိုယ်ဝန်ဆောင်စဉ် ရင်ပူခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာက အဖြစ်များတဲ့ ဝေဒနာပါ။ ရင်ပူတာကင်းစေဖို့ ညဥ့်နက်ချိန် အစာမစားပါနဲ့။ အစာစားပြီး ခန္ဓာကိုယ်ကို ကွေးညွတ်တာ၊ တစ်ခုခုသယ်မတာ၊ လဲလျောင်းတာ မလုပ်ပါနဲ့။ လက်ဖက်ရည်နဲ့ ကော်ဖီကို အလွန်အမင်း မသောက်ပါနဲ့။ အိပ်ရာခေါင်းရင်းကို အနည်းငယ်မြှင့်ပြီး အိပ်ပါ။
ဇွန်ခိုင်ဦး (ဆေးဝါး တက္ကသိုလ်)
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1