Thursday, June 6, 2013

အာဆင်နယ်၏ ရည်မှန်းချက် မမြင့်မား လာပါက အသင်းမှ ထွက်ရန် စဉ်းစားမည်ဟု ကိုစီရယ်လ်နီ ခြိမ်းခြောက်

Ever November | 6/06/2013 09:10:00 AM | Best Blogger Tips

အကယ်၍ အသင်းကသာ ရည်မှန်းချက် ကြီးကြီး မထားပါက မိမိ အနေဖြင့် ကျောခိုင်း သွားရန်သာ ရှိကြောင်း အာဆင်နယ် နောက်ခံလူ လောရင့် ကိုစီရယ်လ်နီက ထုတ်ဖော် ပြောကြားလိုက်သည်။
အာဆင်နယ်၏ ရည်မှန်းချက်ပိုင်းနှင့် ပတ်သက်ပြီး ဝေဖန်မှု ပြုလုပ်လာသော ကြယ်ပွင့် ကစားသမားများအနက် အဆိုပါ ပြင်သစ် လက်ရွေးစင် ဗဟိုနောက်ခံလူသည် နောက်ဆုံး တစ်ဦးလည်း ဖြစ်လာသည်။ ကိုစီရယ်လ်နီသည် ရာသီသိမ်း ကာလများတွင် ခြေစွမ်း တည်ငြိမ်စွာ ဖြတ်သန်းပြီး ချန်ပီယံလိဂ် ခြေစစ်ပွဲဝင်ခွင့် မျှော်လင့်ချက်ကို အရ ဆုပ်ကိုင်နိုင်သည့် အာဆင်နယ် အသင်းတွင် ခံစစ်ကြောင်း၏ အနှစ်သာရ ကစားသမား ဖြစ်ခဲ့သလို နယူးကာဆယ်လ် ယူနိုက်တက်ကို အနိုင်ရသည့် ရာသီပိတ် ပွဲစဉ်တွင် တစ်လုံးတည်းသော ဂိုးကိုလည်း သွင်းယူပေးခဲ့သည်။
မန်နေဂျာ အာစင်ဝင်းဂါး၏ ဦးစားပေး ဗဟိုခံစစ်သမား နေရာတွင် တည်တည်ငြိမ်ငြိမ် ရှိနေသော်လည်း ကိုစီရယ်လ်နီက ယခုထက် ရည်မှန်းချက် မြင့်မားသော အသင်းမျိုး ဖြစ်မလာလျှင် အမ်းမရိတ်စ်မှ ထွက်ခွာမည်ဟု ခြိမ်းခြောက်ခဲ့သည်။ အာဆင်နယ်၏ (၈)နှစ်ဆက် ဖလားလက်မဲ့ ဘောလုံးရာသီကို အဆုံးသတ်ပြီးနောက် ကိုစီရယ်လ်နီက "ကျွန်တော် ဆုဖလားတွေ ကိုင်မြှောက်ခွင့် ရချင်ပါတယ်။ ပြီးတော့ အောင်မြင်မှု မှတ်တမ်းကောင်းတွေ လိုချင်တယ်။ ဒီဆန္ဒကို အဓိပ္ပါယ် ပြည့်ဝလာအောင် ကလပ်က ဖြည့်ဆည်းပေးဖို့ မျှော်လင့်တယ်။ ဖြစ်မလာရင်တော့ တခြားအခြေအနေ တစ်ခုကို ကျွန်တော်တို့ ရွေးချယ်ရမှာပဲ။ ကျွန်တော်ကတော့ ဆုဖလားတွေ လိုချင်တယ်။ ထပ်ပြောပါရစေ။ ကလပ်အသင်းက ဒါကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ချင်ပါတယ်"ဟု ပြောဆိုသွားခဲ့သည်။
အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ရော်ဘင် ဗန်ပါစီသည် မန်ချက်စတာ ယူနိုက်တက်သို့ မပြောင်းရွှေ့ခင်က အလားတူ မှတ်ချက်မျိုး ပေးခဲ့ဖူးသည်။ ကိုစီရယ်လ်နီကို ဘိုင်ယန်မြူးနစ် အသင်းက စိတ်ဝင်စားနေပြီး ၎င်းကိုယ်တိုင်ကမူ "လောလောဆယ် အာဆင်နယ်မှာ ကျွန်တော် အဆင်ပြေနေပါတယ်။ အသင်းကသာ ထိပ်တန်း အဆင့်မှာ အကောင်းဆုံး ယှဉ်ပြိုင်နေမယ်ဆိုရင် ကျွန်တော် ထွက်သွားစရာ အကြောင်း မရှိဘူး။ ဒါပေမဲ့ နှစ်တိုင်း ချန်ပီယံလိဂ် ဝင်ခွင့်လောက်ကို ဦးတည်နေရပြီး ဒီအတွက်တောင် ဖိအား ဝင်နေတယ် ဆိုတာကတော့ စိတ်ဓာတ်ရေးရာ ပြဿနာတွေ ရှိလာနိုင်တယ်" ဟု ပြောကြားသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1