Monday, January 27, 2014

အဓိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဓာတ်ငွေ့အရောင်းဆိုင်များ (ယာယီ) အရောင်းပိတ်ထားမှုများ ဖြစ်ပေါ်လာနိုင်

Ever November | 1/27/2014 11:02:00 AM | Best Blogger Tips

တောင်ဥက္ကလာပမြို့နယ်ရှိ သသာဝဓာတ်ငွေ့ဆိုင်တွင် ဓာတ်ငွေ့ထုတ်ယူရန် လာရောက်တန်းစီနေသော မော်တော်ယာဉ်များအား တွေ့ရစဉ်
ညောင်တုန်းမှ ရန်ကုန်သို့ပို့လွှတ်သော အဓိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဓာတ်ငွေ့အရောင်းဆိုင်များက သဘာဝဓာတ်ငွေ့သုံးကားများသို့ ဓာတ်ငွေ့ရောင်းချမှုများအား (ယာယီ) အရောင်းပိတ်ထားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များမှ သိရသည်။

ယင်းသို့ ညောင်တုန်းမှ ရန်ကုန်သို့ ပို့လွှတ်သော အဓိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝဓာတ်ငွေ့ဆိုင်များမှ ဆိုင်၌လက်ကျန်ရှိသော ဓာတ်ငွေ့များကိုသာ ရောင်းချသွားမည်ဖြစ်ပြီး ဓာတ်ငွေ့များကုန်သွားပါက ဆက်လက်ရောင်းချရန် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးကြေငြာချက်ကို ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ဓာတ်ငွေ့ဆိုင်များ၌ ကြေညာထားကြောင်း သိရသည်။

“အထက်ကညွှန်ကြားချက်အတိုင်း ညောင်တုန်းကနေ ရန်ကုန်ပို့တဲ့ သဘာဝဓာတ်ငွေ့လိုင်း ချို့ယွင်းလို့ ဓာတ်ငွေ့ရောင်းချမှုက နောက်ရက်တွေမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ကြေညာချက် ဆိုင်းဘုတ်ထုတ်ထားတယ်။ ဆိုင်မှာရှိတဲ့ လက်ကျန်ဓာတ်ငွေ့တွေကိုတော့ အကုန်လုံးထုတ်ရောင်းပါတယ်။ ပြင်ဆင်ချိန် ဘယ်လောက်ကြာမလဲဆိုတော့ မသိပါဘူး။ ဘယ်လိုချို့ယွင်းမှု ဖြစ်ပွားရတာလဲ ဆိုတာကိုလည်း မသိပါဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်မှ တာဝန်ခံဖြစ်သူက ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထိုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် ဇန်န၀ါရီ ၂၆ ရက်နေ့ ညနေပိုင်းမှစ၍ ဓာတ်ငွေ့လာရောက်ထုတ်ယူရန် တန်းစီနေသည့် ခရီးသည်တင်ယာဉ်များ၊ တက္ကစီများနှင့် ကိုယ်ပိုင်ယာဉ်များမှာ များပြားလျက်ရှိကြောင်း သိရှိရသည်။

“ဓာတ်ငွေ့လိုင်းပျက်လို့ ဆိုင်တွေမှာ ကျန်တဲ့ဓာတ်ငွေ့တွေကိုရောင်းမယ် နောက်နေ့တွေမှာ ဓာတ်ငွေ့ရောင်းချနိုင်ဖို့ မသေချာဘူးဆိုတာကို ဒီနေ့ညနေမှ သိရတယ်။ ကြားတာနဲ့ ချက်ချင်းလာတန်းစီထားတာ။ အခုပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေ အားလုံးက CNG ကားတွေချည်းပဲ။ တစ်ရက်ကို နှစ်ခါလောက် ပြန်ပြန်ထည့်နေရတာ။ ဓာတ်ငွေ့ပြတ်တောက်မှုသာ ဖြစ်ရင်တော့ လိုင်းကားမောင်းတဲ့ သူတွေရော ခရီးသည်တွေပါ သွားရေးလာရေး အခက်အခဲတွေ ဖြစ်မှာပါ” ဟု ရန်ကုန်-လှည်းကူး ခရီးသည်ယာဉ်လိုင်းမောင်းသည့် ယာဉ်မောင်းတစ်ဦးက ဇန်န၀ါရီ ၂၆ ရက်နေ့ ညပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဓာတ်ငွေ့ပြတ်တောက်မှု ဖြစ်ပေါ်လာပါက ရန်ကုန်အတွင်းပြေးဆွဲနေသာ ခရီးသည်တင်ယာဉ်များအပြင် ရန်ကုန်မှခရီးဝေးပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များပါ သယ်ယူပို့ဆောင်ရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် အခြားစက်သုံးဆီများဈေးနှုန်း မြှင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း မော်တော်ယာဉ်အသုံးပြုသူများထံမှ သိရှိရသည်။


EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1