Tuesday, October 9, 2012

ပြည်ပရင်းနှီးမြှုပ်နှံမှုများအပေါ် လုပ်ငန်းရှင်များက အားမရဖြစ်နေ

Ever November | 10/09/2012 10:18:00 AM | Best Blogger Tips
နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှုဥပဒေမူရေးဆွဲနေချိန်၌ ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု နေကြသည့်အပေါ် တွင်  ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များက အားရမှု မရှိကြောင်း သိရှိရသည်။
 
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေမှုကြမ်းကို နိုင်ငံတော်သမ္မတမှလွှတ်တော်ဆီ ပြန်ချပေးနေချိန်တွင် အဆိုပါ ဥပဒေ၌ပါဝင်သည့် ကန့်သတ်ချက်များမှာ များပြားနေခြင်းကြောင့် ယခုကဲ့သို့ အားမရဖြစ် နေကြောင်း စီးပွားရေးလုပ်ငန်းရှင်တို့က ဆိုသည်။
 
'' အခုဆို ရှယ်ယာ ရောင်းချင်တဲ့သူတွေ များနေတယ်။ ဘာလို့လဲဆို တစ်ချို့က ငွေအားမှာ မနိုင်ဘူး။ တချို့ကျတော့ နည်းပညာ ပိုင်းမှာ မနိုင်တာတွေ ရှိတယ်။ သတ်မှတ်ချက်ကြီးနဲ့ မျှော်မှန်းထား တာမျိုးတော့ မရှိပါဘူး၊ နှစ်ဦး နှစ်ဖက် အဆင်ပြေဖို့ ပါပဲ ၊ ပြည်တွင်းနဲ့ ပြည်ပ ပူးပေါင်းပြီးတော့ နှစ်ဦး နှစ်ဖက် အကျိုးရှိဖို့ပါပဲ။'' ဟု စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်တစ်ဦးဖြစ်သူ ဦး အောင်ကိုဌေးက ပြောသည်။
 
နိုင်ငံခြားငွေလဲလှယ်နှုန်းအနေဖြင့်လည်း အခုရက်ပိုင်းအတွင်း အပြောင်းအလဲသိပ်မရှိကြောင်း CBဘဏ်(မင်္ဂလာဈေး)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
''ကြည့်ရတာ ရင်းနှီးမြှုပ်နှံမယ့်သူတွေက ပြည်တွင်းက အခြေအနေကို လေ့လာနေပုံရတယ်၊ သူတို့ အတွက် အမြတ်ရပြီးဆိုတော့မှ လုပ်တာကတော့ ထုံးစံပါပဲ၊ တချို့ကျတော့လည်း အခုချပေးထားတဲ့ ရင်းနှီုးမြှုပ်နှံမှုဥပဒေကို ကြိုက်သေးပုံ မရသေးဘူးလေ၊''ဟု  CBဘဏ်ဝန်ထမ်းက ပြောသည်။
 
CB ဘဏ်၌ ပုံမှန်တစ်နှစ်လျှင် နိုင်ငံခြားငွေ စီးဆင်းမှု ပျဉ်းမျှ ၇၀ ရာခိုင်နှုန်းနီးပါးရှိပြီး ယခုတွင်မူ နိုင်ငံခြားငွေဝင်ငွေစံချိန် နောက်ထပ် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းနီးပါး အထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း ပြောသည်။
 
ပြည်ပရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအတွက် လုပ်ပိုင်ခွင့် နည်းပါးလာမည်ဟု ခန့်မှန်းထားသော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း စက်မှုလုပ်ငန်းရှင် တစ်ဦးက  ပြောသည်။
 
 အခု ရင်းနှီးမြှုပ်နှံမှု ဘာကြောင့် နည်းရလဲဆိုရင် ရှင်းရှင်းလေးပါ။ ဒီက အခုမှ ဖွင့်ပေးလိုက်တာ၊ နိုင်ငံတကာမှာ ဘယ်ပစ္စည်းပဲဖြစ်ဖြစ် အသုံးများနေတာက Europe နဲ့ America ပစ္စည်းတွေပဲ အသုံး များတာလေ၊ အခုမှ ဒီက ပစ္စည်းတွေ တင်မယ်ဆိုရင်ပဲ ၀ယ်တဲ့ သူတွေက မရှိဘူး။ ဒီတော့ ရင်းနှီးမြှုပ်နှံ သူတွေက သူတို့ အမြတ်ထွက်မှပဲ လုပ်မှာလေ၊ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေ တွေမှာဆိုရင် ဒီထက် အများကြီးကင်းလွတ်ခွင့် ပေးထားတယ်လေ၊ ဒီတော့ ဒီက ကုန်ပစ္စည်း တွေ နိုင်ငံတကာကို မထွက်တော့ တော်တဲ့ပညာရှင်တွေက ထွက်တာပဲ။ဟု စီးပွားကူးသန်း(ညွှန်ကြား ရေးမှူး)ဖြစ်သူ ဦးသန်းအောင်ကျော်က သုံးသပ်ပြောကြားသည်။
 
မြန်မာနိုင်ငံသားလုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်လိုပါက နိုင်ငံခြားသားက အရင်းအနှီး၏ အနည်း ဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရှိသည်ဟု သိရှိရသည်။
 
သို့သော် တိုင်းရင်းသား လုပ်ငန်းရှင်များ အကျိုးအတွက်မြန်မာ့ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွင် ကမ်းနီး ငါးဖမ်းခြင်းအား လုပ်ကိုင်ခွင့်ကိုမူ ပြုလုပ်ခွင့်ပေးမထားကြောင်း သိရှိရသည်။
 
သို့သော် ပြည်ပမှ ၀င်ရောက်လာနိုင်မည့် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲကို စောင့်ကြည့်နေသည်ဟု ခန့်မှန်းရကြောင်း၊ ထို့အပြင် ၁၀၀ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်မှုကို လိုချင်၍ လည်းဖြစ်နိုင်ကြောင်း CB ဘဏ်(မင်္ဂလာဈေးခွဲ)မှ တာဝန်ရှိသူက ပြောသည်။
 
 
 သူတို့တွေက ကြည့်ရတာ ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံခွင့်ကို မျှော်မှန်းနေပုံရတယ်။ ပြဌာန်းထားတဲ့ နိုင်ငံခြားငွေရင်းနှီးမှု ဥပဒေက အာဆီယံနိုင်ငံတွေထဲက  ဥပဒေနှင့် ယှဉ်ကြည့်မယ်ဆိုရင် ကန့်သတ်ချက်များနေသေးတယ်လေ၊ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံသူ   နိုင်ငံခြာသားဦးရေနည်း နေသေးတာလို့ ထင်တယ်၊ ဒါပေမဲ့ အဲလိုဆိုပြီး သူတို့ အကြိုက်ကြီးပဲ မလိုက်သင့်ဘူးလေ။ ပြည်တွင်း က လုပ်ငန်းရှင်တွေလည်း ရှိသေးတယ်လေ။ဟု စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။
 
အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံအနက် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့တွင် နိုင်ငံခြားသားများအတွက် အနိမ့်ဆုံးရင်းနှီးမြှပ်နှံရမည့် ငွေကြေးပမာဏကို သတ်မှတ် ကန့်သတ်ထားခြင်းမရှိပါ။ ထို့အပြင် ကျန်သည့် နိုင်ငံများအနက် အမြင့်ဆုံးဖြစ်သော လာအိုနိုင်ငံ တွင်ပင် အနိမ့်ဆုံးမြှုပ်နှံရမည့် ငွေပမာဏကို ဒေါ်လာသုံးသိန်းသာ  သတ်မှတ်ထားခြင်းဖြစ်သည်။
 
ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများအဖြစ် Coca Cola ကဲ့သို့သော ကုမ္မဏီကြီးများ၊ ဆူဇူကီး ကား ကုမ္ပဏီနှင့် Pepsi ကုမ္ပဏီများ   ပြန်လည်ဝင်ရောက်လာပြီး ဂျပန်နိုင်ငံမှလည်း အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံရန် ယခင်ထက် စိတ်ဝင်တစားရှိနေသည်။
 
စက်တင်ဘာလ(၂၈)ရက်နေ့တွင် ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် UMFCCI တို့နှင့် ရင်းနှီးမြှပ်နှံရေး လုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေးခဲ့ကာ ၎င်းအသင်းမှ ကျပ်သန်းပေါင်း (၅) ထောင် ထုတ်ချေးပေးရန် ရှိကြောင်း သိရသည်။
 
ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် (investment banking) ဖြစ်သည့် Mandalay Capital အား Alisher Ali က ရင်းနှီးမြှုပ်နှံမှုဘဏ်အတွက် ဘဏ္ဍာငွေ ဒေါ်လာ ၂၅ သန်း ရရှိထားပြီး ဖြစ်သည်။
 
မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ ၂၀၁၁ခုနှစ် ဘဏ္ဍာနှစ်ကုန် အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ဘီလျံ ၄၀ ရှိ သည့်အနက် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်းပေါင်း (၂၃)ခုတွင် သန်း(၂၁၀)သာ ရှိသည်။
 
မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ဥပဒေရေးဆွဲနေဆဲဖြစ်သဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်ရန် နိုင်ငံတော် မှ သင့်တော်သလိုဆောင်ရွက်ပေး သင့်ကြောင်းကိုလည်း စီးပွားရေးပညာရှင်များက ဆိုသည်။
မြတ်မိုးကျော်(မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1