မြန်မာ့တပ်မတော်၏ ထိပ်တန်းခေါင်းဆောင်များအား အိန္ဒိယလေတပ်ဦးစီးချုပ်နှင့်အတူ တွေ့ရစဉ်
လေတပ်ထဲက အဖြစ်အပျက် များစွာကို ပြည်သူထံ တင်ပြနေသော ဝေဟင်ကို လေတပ်ထဲက ဘယ်သူလဲလို့ သိချင်သူတွေ များလာသလို သိနေတဲ့ အရာရှိနဲ့ စစ်သည် အချို့အတွက် စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်ဒ် www.photayokeking.org မှာ ဘာတွေ အသစ် တင်ထားပြန်ပြီလဲ ဆိုတာဟာ စကားတစ်ခွန်း ဖြစ်လာနေပါပြီ။ တချို့က ဝေဟင် တစ်ယောက်ထဲလို့ ထင်နေကြတယ်။ တချို့က ဖမ်းခံရတဲ့သူထဲ ပါသွားပြီလို့ ပြောနေကြတယ်။ မှားသွားပြီပေါ့။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီး လေတပ် သိက္ခာချနေတာဟုဆိုသူရှိသလိုဒီ့ထက်ဆိုးတာတွေရှိသေးတာကို လျှော့လျှော့ပေါ့ပေါ့လေး ရေးနေတယ်၊
ရေးတဲ့သူကို လေးစားပါတယ်၊ငါတို့လည်း ရေးချင်ပေမယ့် ကြောက်တယ်ဟုဆိုသူများလည်းရှိကြောင်း
တွေ့လာရပါသည်။ Comments မှာ ၀င်ရေးချင်ကြသော်လည်း Gmail Account တစ်ခုလုပ်ရန်ပင် ခက်ခဲ နေကြသော လေတပ်မှ ညီနောင်များအဖို့ မ၀ံ့မရဲဖြစ်နေကြပါသည်။ နောက်ကြောင်း မရှင်းပဲ IP Addressမှတဆင့် ထောက်လှမ်းရေးမှ ခြေရာခံနိုင်သည်ဟုခြိမ်းခြောက်စကားဆိုသူများကြောင့်လည်း
ကြောက်နေကြရပါသည်။
တကယ်တော့ လေချုပ်ကြီးအပါအ၀င် လေတပ်မှညီနောင်များစွာသည် သူတို့ရင်ထဲမှ 
စကားများစွာ ဖြစ်ရပ်များစွာတို့ ပါဝင်သော ဝေဟင်၏ တင်ပြချက်များကို  
တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက် သော်လည်းကောင်း 
စောင့်ကြည့်နေကြသည်သာဖြစ်ပါသည်။ လေတပ်မှ အရာရှိ ၉၀% ခန့်မှာ ကျွန်တော်၏ 
တင်ပြချက်များအပေါ်  စိတ်ဝင်တစား စောင့်ကြည့်ဖတ်ရှုကြပြီး တိုးတိုးတိတ်တိတ် 
ဆွေးနွေးလာမှုများသည်  ကောင်းသော လက္ခဏာအဖြစ် ကျွန်တော် ၀မ်းသာမိပါသည်။ 
သို့သော်လည်းဒီအဆင့်မျှဖြင့် လေတပ်ကြီး ကောင်းမလာ နိုင်သလို 
နိုင်ငံတော်နှင့် ပြည်သူများအတွက်လည်း ကောင်းကျိုးဆောင်ရွက်နိုင်မည် 
မဟုတ်ပါ။
အမှန်တရားကိုရဲရဲဝံ့ဝံ့ ဖော်ထုတ်ရမည် ဖြစ်သလိုအမှန်လမ်းကိုလည်း
 လျှောက်ရဲကြရပါမည်။  မေးစရာတော့ ရှိပါသည်။ အမှန်လမ်းလျှောက်နိုင်ရန် 
လက်တွဲခေါ်ယူမည့်သူ ဦးဆောင်ခေါ်ယူမည့်သူများဘက်ကတော့ အဆင်သင့် 
ရှိဖို့လိုပါသည်။
တပ်မတော် (လေ) မှ F (7) အမျိုးအစား တိုက်လေယာဉ်များ
လေတပ်တွင်းမှ အရာရှိ/ စစ်သည်များ စားဝတ်နေရေးပြဿနာတချို့ကို 
ရင်ဖွင့်ပါမည်။  မည်သည့် တပ်မတော်နှင့်မှမတူသော မြန်မာ့တပ်မတော်တွင် 
လေတပ်စစ်သည်များ  လိုင်းခန်းလျှောက်ရာ၌ပင် လာဘ်ပေးကြရပါသည်။ 
အခြားသောတပ်ဖွဲ့များတွင်တော့  မသိပါ။ ပြောင်းရွှေ့ရောက်ရှိသည်ဖြစ်စေ၊ 
လိုင်းခန်းလစ်လပ်၍ဖြစ်စေ မိမိရယူလိုသောလိုင်းခန်းနေရာအတွက် ဆောက်လုပ်ရေး 
တာဝန်ခံအကြပ်ကြီးနှင့် ကြိုတင်လက်ဝါးရိုက် 
ပေးကမ်းစွန့်ကြဲလိုင်းဝင်ထားရပါသည်။
ထို့နောက်  လိုင်းခန်းနေရာချထားရေးဘုတ်ခေါ် အုပ်ချုပ်ရေးမှူးနှင့် 
တပ်ရေးများ၊ တပ်တာဝန်ခံ အရာခံဗိုလ်များဖြင့် အဆင့်အလိုက် လိုင်းအလိုက် 
နေရာချပေးသောအခါတွင် ကြိုတင် ပေးကမ်းထားသူအတွက် အကောင်းဆုံးလိုင်းခန်းကို 
လှည့်ပတ် ရရှိစေပါသည်။ တပ်မှူး၊ တပ်ရေးများနှင့် အဆင်ပြေသူများက 
သင့်ရာသင့်ရာရကြပြီး သာမန်စစ်သည်များအဖို့မူ ရွေးကျန် အခန်းများသာ 
ရကြပါသည်။  ဒီလို ဖြစ်ရခြင်းမှာ တပ်တွင်း လိုင်းခန်းများ၏ တည်ဆောက်ပုံ 
စနစ်မကျခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းမှု မရှိခြင်းက စခြင်းဖြစ်ပါသည်။  
လိုင်းခန်းကကျဉ်း၊ အမိုးကမလုံ၊ ရေ၊ မီး၊ မိလ္လာစနစ်မကောင်းလျှင်  
ကိုယ်ထူကိုယ်ထပြင်စသော ထုံးစံများကြောင့် ကောင်းမွန်သော 
လိုင်းခန်းရရှိရေးအတွက် ယခုလို လာဘ်ပေးလာဘ်ယူမှုများ ဖြစ်လာရပါတော့သည်။ 
တိုးချဲ့ဖွဲ့စည်းသော  ခြေလျင်တပ်များတွင် အရာရှိများပင် ၀ါးခင်း၊ 
ဓနိမိုးတဲတန်းလျားဖြင့် နေနေကြရသော မြန်မာ့တပ်မတော်ကြီးအဖို့ နိမ့်ကျလှသော 
 စစ်သည်များ၏ နေထိုင်မှု အခင်းအကျင်းသည် ပြောရမှာပင် ရှက်ဖို့ 
အလွန်ကောင်းလှပါသည်။
တပ်မတော် (လေ) မှ Y- 8 D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးတစ်စင်း
မဟာဗျူဟာ သဘောအရ တပ်ရင်းသုံးရင်း တစ်ဗျူဟာ ဖိုခနောက်ဆိုင် 
မြို့တိုင်းမှာ ဖွင့်ရမည်ဟူသော တပ်ချုပ်ဟောင်းကြီး ဦးသန်းရွှေရဲ့ 
ညွှန်ကြားချက်နှင့်အညီ စစ်ထောက်ချုပ်က မြန်မြန်ဖွင့်ရင် ပြီးရောဆိုပြီး 
မြေပုံတွင် လက်ညှိုးထိုးကာ တည်ဆောက်ခိုင်းလို့ ပြဿနာများပြီး 
အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ တပ်ရင်းတစ်ရင်းရဲ့ အခြေစိုက်ဖို့ 
ပြည့်စုံကောင်းမွန်တဲ့ အချက်အလက်များကို ချင့်ချိန်စဉ်းစား တွက်ချက်ခြင်း 
မပြုသလို ဒေသခံများရဲ့ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ ထိုက်သင့်တဲ့ 
လျော်ကြေးမရပဲ သိမ်းဆည်းခံရလို့ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရပါတယ်။
မြို့နှင့်ကပ်ပြီးနေနေရသော လေတပ်သားတို့အဖို့  မိမိအိမ်သို့ 
ဧည့်သည်လာမှာကိုပင် ရှက်မိပါသည်။ ၁၀ ပေ - ၂၀ပေ အခန်းကျဉ်းလေး  
ဆောက်ထားရသလို အိမ်သာကိုလည်း ကိုယ်ထူကိုယ်ထ ဆောက်ရပါသည်။ တခါတရံ စည်း/ကော် 
 (ခေါ်) တပ်တွင်းစည်းရုံးရေး ကော်မတီမှ စစ်ဆေးရေးဝင်မည်ဆိုကာ  
မိမိအစီအစဉ်ဖြင့် ဆောက်ထားသည်များကို ဖျက်ပေးရပြန်ပါသည်။  
အိုမင်းဟောင်းနွမ်းနေသော လိုင်းခန်းများကို ဖျက်သိမ်းခွင့်ကျသည့်တိုင်  
မဖျက်သေးပဲ အသစ်ဆောက်ခွင့်ကျသည့် ဘတ်ဂျက်ငွေများ ပြင်ဆင်စရိတ်များသည်အုပ်ချုပ်ရေးတပ်မှူး၊ ဆောက်လုပ်ရေးဝန်ထောက်များနှင့် လေတပ်စခန်းမှူးတို့၏  
အိတ်ထဲသို့သာ ရောက်ကုန်ကြပါသည်။ စစ်သည်များ၏ လိုင်းခန်းများသာမဟုတ်ပါ။  
အရာရှိလိုင်းများလည်း ထိုနည်းတူစွာ ဖြစ်ပါသည်။ မီးလိုင်း၊ ရေလိုင်း၊  
သွယ်တန်းမှု အားလုံးသည် မိမိစရိတ်ဖြင့်သာ ဖြစ်ပါသည်။
လေတပ်စခန်းဌာနချုပ်တစ်ခုအား ဂြိုလ်တုမှ တွေ့ရပုံ
အမိုးအကာရှိသော အိမ်အလွတ်တစ်လုံးကိုသာ ခံစားရရှိသလို ဖြစ်နေပါသည်။  
အိမ်ထောင်သည်များသာ မဟုတ်ပဲ လူပျိုရိပ်သာသည်လည်း ထိုနည်း လည်းကောင်းပင်၊  
သောက်ရန်ထုတ်ပေးသည်ဆိုသော Army Rum မှာ တပ်သို့ပင် ရောက်မလာပါ။ ရိပ်သာ  
အပိုဆောင်းကြေးဟုဆိုကာ တစ်လလျှင် အနည်းဆုံး ၃၀၀၀ ကျပ်  ထပ်ဆောင်း 
စားရသည့်တိုင် အသားဟင်းတစ်နပ်ပင် အနိုင်နိုင်ပါ။ ရေမီးကိစ္စလည်း  
အဆင်ပြေစေရန် စုပေါင်းဖြေရှင်းကြရပါသည်။ ဒါဘာ(ခေါ်)ဆန္ဒဖော်ထုတ်ပွဲများတွင်အခက်အခဲကိုတင်ပြရန်ကြိုးစားမိသူသည် 
မကြာမီတပ်ပြောင်းရွှေ့ခြင်း (သို့မဟုတ်) စိုက်ပျိုးရေး 
/မွေးမြူရေးလုပ်ငန်းများရှိရာသို့ ချောင်ထိုးခံရခြင်း ဖြစ်ပါတော့သည်။
ညီနောင်တစ်ဦး ပြောသလို တပ်ထဲမှ အရာရှိ/စစ်သည်များသည် 
စစ်အာဏာရှင်လက်အောက်တွင်  အဆင်ပြေသဖြင့် ငြိမ်နေခြင်း မဟုတ်ပါ။ 
ကန့်သတ်ချုပ်ခြယ်မှုများ၊ နည်းပညာ အခက်အခဲများ အကြောက်တရားများအပြင် 
မည်သူ့ကို အားထားယုံကြည် လက်တွဲရမည်  မသိခြင်းများကြောင့်သာ ပြည်သူနှင့် 
မပေါင်းစည်းမိခြင်းဖြစ်ပါသည်။  ကျွန်တော်၏ ရည်ရွယ်ချက်မှာ လေတပ်မှ အစပြုကာ 
တပ်မတော်သားများအားလုံး  ပြည်သူနှင့် နီးကပ်လာစေရန်ဖြစ်ပါသည်။ 
ကျန်ညီနောင်များအနေနှင့်လည်း  မိမိစွမ်းနိုင်သမျှ 
ပူးပေါင်းဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆောင်းပါးရှင် – ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)
photayokeking.org ပြန်ဖတ်ရန်
ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၁)





No comments:
Post a Comment