လေယာဉ်မောင်းသင်တန်းဆင်းပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားနေသော ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်း
စစ်တက္ကသိုလ်တည်ရှိရာ ပြင်ဦးလွင်မြို့ဟာ ထောင်နှင့်ချီတဲ့ ဗိုလ်လောင်းဈေးကွက်ကြီး၊ ထိုမှတဖန် အရာရှိသင်တန်းသား ဈေးကွက်ကြီးနဲ့ လက်ညိုးထိုးမလွဲသော စစ်ဗိုလ်တို့ ကျက်စားရာ မြေယာဖြစ်နေပေပြီ။ အလျဉ်းသင့်လို့ ပြောပြပါအုံးမယ်။ ကျွန်တော်တို့ အပတ်စဉ်မှာ လေတပ်က တပ်ကြပ်ကြီး တစ်ယောက်ရဲ့သား ပါလာပါတယ်။ ကျွန်တော်ကလည်း လေတပ်ကို စိတ်ဝင်စားသူမို့ မကြာခဏ လေတပ်အကြောင်းတွေ သူ့ကို မေးဖြစ်ပါတယ်။ သူကလည်း လေသူရဲတွေ မှောင်ခိုခေတ်မှာ ရဟတ်ယာဉ်နဲ့ ပစ္စည်းသယ်ပုံတွေ၊ လေယာဉ်ဆီ ဘယ်လိုချန်ပြီး ဘယ်လို ထုတ်ရောင်းပုံတွေကအစ ကျွန်တော့်ကို ပြောပြပါတယ်။
လေယာဉ်ဆီအပြင်ကိုမထုတ်မီ လေယာဉ်ရုံနံဘေးက ရေမြောင်းထဲမှာ အိတ်တွေထားပြီး
သွန်ချထားရကြောင်း၊ ပြီးမှ ဆာလာအိတ်လို အိတ်တွေနဲ့ စက်ဘီးပေါ်တင်ပြီး
ဒိုင်ကိုပို့ရကြောင်း၊ ဒိုင်ဆိုတာကလည်း ထောက်လှမ်းရေးနဲ့
မကင်းရာမကင်းကြောင်းတွေပဲဖြစ်ကြောင်း၊ ဒီလို သယ်ပို့ပေးတဲ့အခါ စစ်သည်တွေက
အလှည့်ကျလုပ်ရတာဖြစ်ပြီး ရဲဘော်တိုင်းဟာ Carry
လုပ်ချင်သူများနေလို့ဖြစ်ကြောင်း၊ ဆီရောင်းရငွေကို အုပ်မှူးနှင့်
အုပ်စက်မှုလက်မှု အရာရှိ (EO) က ခွဲယူကြောင်း၊ ပျံသန်းရေးက ၆၀ % နဲ့
စစ်သည်များဘက်က ၄၀% ရကြောင်း၊ သက်ဆိုင်ရာ စခန်းမှူး၊ အုပ်ချုပ်ရေး၊ တပ်ရဲ၊
လေကြောင်းထိန်းမျှော်စင် စတာတွေကိုလည်း နာရီအပြည့် မပျံတာတွေ၊
ဆီခိုးထုတ်ရာလမ်းကြောင်းလုံခြုံမှု စတာတွေအတွက် ခွဲဝေပေးရကြောင်း
သူပြောပြခဲ့ရာမှာ ကျွန်တော်လည်း ထူးဆန်းအံ့ဖွယ် ဖြစ်နေခဲ့ပါတယ်။ ၁၉၉၆
ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကြီးကို
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ လုပ်ခဲ့စဉ်က ပုသိမ်မြို့ဧရိယာတ၀ိုက်
ရေတပ်သင်္ဘောများဟာ ဆီပေပါလိုက် ထုတ်ရောင်းချလိုက်လို့ မှောင်ခိုစက်သုံးဆီ
ဈေးကွက်ပြုတ်ကျကုန်တယ်။ ကြည်းတပ်နဲ့လေတပ်တွေဟာ ဆီကို
ချိန်ခွက်နဲ့ချိန်ပြီး ထုတ်ရောင်းချပေမဲ့ ရေတပ်က ပေပါလိုက်
ထုတ်ရောင်းလိုက်လို့ မျက်လုံးပြူးစရာ စံချိန်ကျိုးသွားတာပေါ့။
မိတ္ထီလာမြို့ ရှမ်းတဲရှိ လေကြောင်းအတတ်သင်လေတပ်စခန်း
သူ့အမေကလည်း သူ့ဆီ ဖုန်းဆက်တိုင်း အဖေက Duty အငှားစောင့်ပြီး မင်းကို
ကျောင်းထားပေးခဲ့တာမို့ စာကြိုးစား၊ အရာရှိဖြစ်ရင် ကျေးဇူးပြန်ဆပ်လို့
ပြောတယ်ဆိုရာ ကျွန်တော်မှ Duty အငှားစောင့်တယ် ဆိုတာ ဘာလဲဟု
မေးကြည့်ပါတယ်။ လေတပ်ထဲမှာ အပြင်ထွက် အလုပ်လုပ်သူများရှိကြောင်း၊ စပယ်ယာ၊
ဆောက်လုပ်ရေး စတဲ့ ပြင်ပအလုပ်များ လုပ်ပါက လစာထက်ပိုတဲ့ ၀င်ငွေရကြကြောင်း၊
အဲဒီလို အလုပ်တွေသွားလုပ်သူတွေ ကိုယ်စား ဂျုတီအငှားစောင့်ကြရာမှာ
ကျွန်တော်က လုံခြုံရေးအမြင်နဲ့ သေနတ်ကို လူစားထိုးပြီးထုတ်လို့
ရလို့လားလို့ မေးရာ သူကရီပါတော့တယ်။
ငါ့အဖေ လေတပ်မှာက ကင်းစောင့်ရင် သေနတ်မထုတ်ရပါဘူးတဲ့၊ ကျွန်တော်လည်း
ထူးဆန်းအံ့ဖွယ် နောက်တစ်ခုကို ကြားရပြန်ပါတယ်။ တန်ဖိုးများစွာသော
လေယာဉ်များရှိရာ လေတပ်မှာ ကင်းတာဝန်စောင့်တာ သေနတ်မထုတ်ရဘူးတဲ့၊ အပြင်ထွက်
အလုပ်လုပ်ပြီး ကင်းအငှားစောင့်ခိုင်းတယ်ဆိုပဲ၊ ဆီတွေရောင်းပြီး
နိုင်ငံတော်ပစ္စည်းတွေကို ကိုယ်ကျိုးရှာစားနေကြတယ်။
ငါလေတပ်ထဲ ရောက်ရင်တော့ တွေ့ကြသေးတာပေါ့လို့ တေးထားလိုက်မိပါတယ်။
မယုံတ၀က်၊ ယုံတ၀က်နဲ့ လေတပ်ကို ကျွန်တော် တကယ်ရောက်လာချိန်မှာတော့
“ဟုတ်ပါ့မလား မောင်ကာလုရေ” လို့ တွေးထင်ထားခဲ့သမျှ ဟုတ်ရုံမက
ပိုတောင်ပိုနေကြောင်း တွေ့ရပါတော့တယ်။ မှောင်ရီပျိုးတာနဲ့ ရိပ်သာဘေးမှ
လမ်းလေးဟာ တမာရနံ့အစား ဆီနံ့လေးများသင်းနေသလို စက်ဘီးကိုယ်စီဖြင့်
လူးလားခေါက်ပြန် စည်ကားနေပါတော့တယ်။ သူ့အရပ်နှင့် သူ့ဇာတ်မို့
မထူးဆန်းကြပေမဲ့ အခုမှ ရောက်လာတဲ့ ကျွန်တော်တို့ကတော့ ထူးဆန်းနေတာပေါ့။
သခင်မျိုးဟေ့ ဒို့ဗမာဘဲ ကြားဖူးခဲ့ပေမဲ့ သူခိုးမျိုးဟေ့ ဒို့ဗမာလို့ ထပြီး
ကြွေးကြော်ချင်စိတ်တောင် ပေါက်မိပါရဲ့ ။ မေးကြည့်မိတော့ ဒီလိုပဲ
အသက်ဆက်ပြီး ရှာကျွေးနေရတာပဲ၊ မထူးဆန်းပါဘူးတဲ့။
လေတပ်မှာ ရစရာလမ်းဟာ ဒါပဲရှိတာကိုး၊ ဂိတ်လည်းမရှိ၊ သစ်ကွက်လည်းမရှိ၊
လည်ပင်းညှစ်စရာ နယ်မြေလည်း မရှိ၊ သူများ မျက်ရည်နဲ့
ကိုယ့်အတွက်ရှာတာမဟုတ်ပဲ လေသူရဲက အသက်နှင့်ရင်းပြီး ဆီအများကြီးချန်လို့
မြေပြင်အရောက် ဆင်းလာပေးသလို စက်မှုအရာရှိ/စစ်သည်တွေကလည်း အပြင်အရောက်
ဆီထုတ်ပေး၊ ကျန်အုပ်ချုပ်ရေး အရာရှိ/စစ်သည်တွေကလည်း ဘေးရန်မရှိရအောင်
ကူညီပေးနဲ့ လေတပ်ရဲ့သုံးနားညီတြိဂံပုံအတိုင်း
ပျံသန်းရေး/စက်မှုလက်မှု/အုပ်ချုပ်ရေး သုံးခုဟာ ဘက်ညီညီလှုပ်ရှားပြီး
သမ္မာအာဇီဝနဲ့ ရှင်သန်နေကြရတာဆိုပဲ။
တပ်မတော် (လေ) မှ G(4) အမျိုးအစားလေ့ကျင့်ရေးလေယာဉ်တစ်စီး
အင်း…. ဒီလိုဆိုတော့လည်း ဟုတ်သလိုလိုတော့ ရှိသား။
နောင်လာနောက်သားတွေလည်း အစဉ်အဆက် ဒီလိုဘဲ လုပ်ကြ ရပေတော့မပေါ့။
အင်း….ခေတ်မှီဖွံ့ဖြိုး တိုးတက်ပါတဲ့ ဒို့ တပ်မတော်ကွ။ ကဲ ဒါကတော့ထားပါလေ။
ကင်းစောင့်တာ တချို့တပ်တွေက သေနတ်လည်းမပါဘူး။ တချို့တပ်ကျတော့ သေနတ်ပါပြီး
ကျည်ဆံထုတ်မပေးထားဘူး။ တခုခုဖြစ်ရင် ဘာလုပ်မှာလဲ၊ ခဲနဲ့ထုမှာလားဆိုတော့ ၂
ချက် ရှိတယ်တဲ့၊ လက်နက်အစုံအလင် မထုတ်ပေးထားတော့ Duty
အငှားစောင့်တဲ့သူတွေအတွက် ပိုအဆင်ပြေတယ်တဲ့။ ငမူးတွေ၊ သေနတ်နဲ့
ပြဿနာရှာတဲ့အမှု၊ လက်နက်နဲ့ စစ်ပြေးမှုလို အမှုတွေကို ရှင်းစရာ
မလိုတော့ဘူးပေါ့တဲ့။ ဒါလဲ ဟုတ်ပြန်ရော။ ပြီးတော့ ပြောသေးတယ်၊ ဘယ်သူကမှလည်း
လေတပ်ကို ဒုက္ခမပေးပါဘူးကွာ၊ “၈၈” မှာကတည်းက အစောဆုံးထွက်ဆန္ဒပြလို့
ပြည်သူတွေက ချစ်ပြီးသားပါတဲ့။
ဆရာတက္ကသိုလ်ဘုန်းနိုင် လေသံနဲ့ ပြောရရင်တော့ “ကျွန်တော် မောင်ဝေဟင်
ဘာများတတ်နိုင်ပါဦးမည်လဲ” ပေါ့။ ဒါနဲ့ Duty အငှားစောင့်တဲ့ ကိစ္စဘက်
လှည့်ပြီး စပ်စုရပါတော့တယ်။ အရင်ကတော့ အငှားစောင့်ခ တစ်ရက်ကို ကျပ်
၂၀၀/၃၀၀ ပါ၊ လစာတွေ တိုးတော့ ကျပ် ၁၀၀၀ ကနေ ၂၀၀၀ အထိ ဖြစ်သွားတယ်တဲ့။
တပ်ခွဲ ၃ ခွဲရှိရင် ၃ ရက်တစ်ကြိမ် Duty ကျတော့ အငှားလိုက်တဲ့သူတွေ
ပိုတွက်ခြေကိုက်တယ်။ ဒါပေမယ့် တာဝန်ကျတာဝန်မှူးအရာရှိနဲ့လည်း အငှားစောင့်ခက
တိုက်ရိုက်အချိုးကျ သေးတယ် ဆိုပါတယ်။ ဘယ်လိုလဲဆိုတော့ ကင်းအမြဲစစ်တဲ့
တာဝန်မှူးအရာရှိ ကိုတိကျများရဲ့ တာဝန်ကျတဲ့ရက်မှာဆိုရင်တော့ ပုံမှန်ဈေးထက်
ပိုပေးရတယ်တဲ့။ မှတ်သားစရာလေးပါနော်။
နောက်ဆောင်းပါးများမှာ ပျံသန်းရေးအုပ်တွေရဲ့ ၄၀% - ၆၀ % ကိစ္စတွေကို
ထပ်ပြောပြပါဦးမယ်။ ဒီလောက်ဆိုရင်ဘဲ စစ်တပ်ထဲက တကယ့်ဘ၀တွေကို စာဖတ်သူတွေ
သိခွင့်ရပြီး ထူးဆန်းသောစကားတွေ ကြားရသလို ဖြစ်နေလောက်ပါပြီ။ သိပြီးသား
ညီနောင်များကရော ကျွန်တော့် တင်ပြချက်မှာ လိုနေသေးရင်
ထပ်ဖြည့်ပေးကြစေလိုပါတယ်။
ဆောင်းပါးရှင် – ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)
photayokeking.org ပြန်ဖတ်ရန်
ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၁)
No comments:
Post a Comment