Thursday, January 3, 2013

ဘင်္ဂလားဒေ့ရှ်ဈေးကွက်၌ အလုပ်ဖြစ်နေသည့် မြန်မာသနပ်ခါးတုံးများ

Ever November | 1/03/2013 01:57:00 PM | Best Blogger Tips

ဘင်္ဂလားဒေ့ရှ်သို့ ပြည်တွင်းပို့ကုန်အဖြစ် သနပ်ခါးတုံးများတင်ပို့နေရကြောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ်အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်များထံက သိရှိသည်။
 
"အခု သနပ်ခါးတုံးက တစ်ဖက် ဈေးကွက်မှာ အရောင်းဖြစ်လာတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ လယ်ပိုင်းလောက်ကစပြီး အမှာများလာတာပါ "ဟု မောင်တောမြို့ ရပ်ကွက်(၃) ၀ိမလ ကျေးရွာမှ တစ်နိုင်တစ်ပိုင်ပို့ကုန်လုပ်ငန်းရှင် ဦးထွန်းစိုးခိုင် က ပြောသည်။
 
ဘင်္ဂလားဒေ့ရှ်သို့ သနပ်ခါးတုံးများ တင်ပို့ရာတွင် အမည်သစ် တစ်နိုင်တစ်ပိုင်ပို့ကုန်အဖြစ် ထည့်သွင်းလာကြောင်း၊ ထိုကဲ့သို့တင်ပို့ရာ တွင် ပို့ကုန်လုပ်ငန်းရှင် (တစ်နိုင်တစ်ပိုင်)အနေဖြင့် တစ်ဦးလျှင် သနပ်ခါးတုံး အရွယ်အစားပေါ်မူတည်၍ (၃)တုံးမှ (၆)တုံးဝန်းကျင် အထိ တင်ပို့နေကြကြောင်း ကိုလည်း သိရှိရသည်။
 
"နောက်ပိုင်း တစ်ပိုင်တစ်နိုင် ပို့ကုန်သွားပို့ကြတဲ့သူတွေကလည်း သနပ်ခါးတုံးကို မပါမဖြစ် တင်ပို့လာ ကြတယ်။ ရောင်းလဲ   ရောင်းရတယ်။ အရွယ်အစားပေါ်မူတည်ပြီးတော့ အနည်းဆုံး တာကာငွေ ၄၀၀ လောက်ရတယ်။ အဓိကတင်ပို့နေရတာက  ဖလောင်းချစ်(ကော့ဘာဇာ)၊ရွာတော်နှင့် ရီကြိုင်ချောင်း (နတ်ကျောက်ဆရီ) ဈေးကွက်တွေဖြစ်တယ်။" ဟု မောင်တောမြို့ စံပြကျေးရွာမှ သနပ်ခါး တင်ပို့သူ ဒေါ်မစိန်က ပြောသည်။
 
ဘင်္ဂလားဒေ့ရှ်သို့ သနပ်ခါးတုံးများ တင်ပို့ရာတွင် စစ်တွေဈေးကွက်မှ (၃)ပေ၊ (၅)ပေ ကဲ့သို့ အရှည်တုံး များ တင်ပို့ရကြောင်း ၊ မောင်တောဈေးကွက်တွင်မူ (၆)လက်မ၊ (၁၀)လက်မ ခုတ်ပိုင်းလှီးဖြတ်ကာ တင်ပို့ကြောင်း နှင့် ဘင်္ဂလာဒေ့ရှ်ဈေးကွက်တွင် (၆)လက်မအရှည် လုံးပတ်အရွယ်အစားပေါ်မူတည်၍ အဆိုပါဒေသသုံး တာကာ ငွေ (၄၀၀)မှ (၆၀၀) အထိဈေးကွက်ရှိကြောင်း သနပ်ခါးတင်ပို့နေသူတို့က ဆိုသည်။
 
ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက သနပ်ခါးတုံးအား ကျောက်ပြင်တွဲဘက်၍ မြန်မာအမျိုးသမီး အများစုအသုံးပြုလာခဲ့ရာမှ ယခုလို ပြည်ပပို့ကုန်ဈေးကွက်သို့ တင်ပို့လာနိုင်ခြင်းဖြစ်သည်။
 
Myanmar Traditional Make-Up ဖြစ်သည့်သနပ်ခါးကို မြန်မာ အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ လူကြီး မရွေး အသားအရေ ကို အေးမြရန် နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ရန်အတွက် အဓိကထားအသုံးပြုနေသေးကြောင်း ကိုလည်း သိရသည်။
 
သနပ်ခါးပင်မှာ  ပင်စည်လုံးပတ် သုံးပေခန့်အထိ ကြီးမား၍  အကိုင်းတောင့်တင်းခိုင်မာ ဆူးရှိသည့် အပင်မျိုးဖြစ်သည်။ အပွင့်မှာ အဖြူရောင်ဖြစ်၍  အလွန်မွှေးသည်။ တန်ခူး၊ ကဆုန်လများတွင် ဖူးစို့ငယ် များ စတင်ထွက်၍ အဆုပ်လိုက်ပွင့်တတ်သည့် သနပ်ခါးအသီးမှာ ဝါခေါင်၊ တော်သလင်းလ များ၌ မှည့်သည်။
 
သနပ်ခါး အသားသည် အလွန်မာကျောသစ်ကြောစိပ်၍ အသားကျစ်သည့်အတွက် သီးခေါက်၊ ဥသျှစ်၊ ဆူးဖြူ၊ ရှားသစ်ပလွေတို့မှာ  သနပ်ခါး ခေါက်နှင့် ဆင်တူနေသည့်အတွက် ရောနှောရောင်းချတတ်ကြောင်းကိုလည်း တွေ့ရသည်။
 
သီးခေါက်မှာ မျက်နှာချောမွေ့စေ သော်လည်း အခြားအပင်များမှ အခေါက်များက မျက်နှာအရေပြား ကို ထိခိုက်နိုင်သည့်အတွက် သနပ်ခါး အတု၊ အစစ်ကို ရွေးချယ်အသုံးပြုရန်လည်း အရေပြား ကျွမ်းကျင်သူတို့က အကြံပြုထားသည်။
အာရကန်ကိုကို -မောင်တော(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1