Thursday, January 3, 2013

လှေစီးပြေးရိုဟင်ဂျာ ဒုက္ခသည်တွေ ထိုင်း အစိုးရ နေရပ်ရင်း ပြန်ပို့မည်

Ever November | 1/03/2013 12:53:00 PM | Best Blogger Tips
၂၀၁၃၊ ဇန်နဝါရီလ ၁ ရက်နေ့က ထိုင်းအစိုးရက ဖမ်းဆီးထားသော ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များ။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကနေ ထွက်ပြေးပြီး ရောက် လာကြတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့ ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် စုစုပေါင်း ၇၁ ဦးပါလာတဲ့ အဲဒီလှေဟာ မလေးရှားနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယူဆရပြီး ထိုင်းနိုင်ငံ၊ ဖူးခက် ကမ်းခြေမြို့ကို ရောက်သွားကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းဆောင်းပါးနဲ့ ပူးတွဲပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပင်လယ်ထဲ ၁၃ ရက်လောက်မျောနေတယ်လို့ ယူဆရတဲ့ အဲဒီ လှေစီးပြေး ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက ကြားဖြတ် ဖမ်းဆီးလိုက်ပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေ အင်္ဂါနေ့ က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေသခံ သတင်းမီဒီယာတွေကတော့ သူတို့ကို ဖမ်းဆီးပြီး မြန်မာပြည်ဘက်ကို ကုန်းလမ်းက ပြန်ပို့ဖို့ အမိန့်ထုတ်ထားတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ရေးသား ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သူတို့ဟာ တကယ့် ဒုက္ခသည်တွေ ဟုတ်မဟုတ် အသေအချာ စစ်ဆေးခွင့်မရမချင်း ဒီဒုက္ခသည်တွေကို ထိုင်းအစိုးရအနေနဲ့  ပြန်မပို့သင့်ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အကြီးတန်း သုတေသီ Sunai Phasuk က ဗွီအိုအေကို ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်တွေကို လက်ခံလိုစိတ်မရှိတဲ့ ထိုင်းအစိုးရအနေနဲ့ ပိုမို ကောင်းမွန်တဲ့ ပေါ်လစီတွေ ချမှတ် ကျင့်သုံးဖို့လိုမယ်လို့ သူက ပြောပါတယ်။

“မလေးရှားကိုသွားအလုပ်လုပ်ကြမယ့် ရိုဟင်ဂျာလူငယ်တွေချည်း မဟုတ်ဘဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေပါ ပါလာတဲ့ သင်္ဘောကို ထိုင်းအာဏာပိုင်တွေ ပထမဆုံးအကြိမ်အဖြစ် ကြားဖြတ် ဖမ်းမိလိုက်တာပါ။ ဒီလူတွေရဲ့ အဆိုအရကတော့ သူတို့ဟာ ဖိနှိပ် ညှဉ်းပန်းမှုတွေ၊ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ အကြမ်းဖက်မှုတွေက လွတ်ကင်းရာကို ထွက်ပြေးလာကြတာလို့ ဆိုတယ်။”

ထိုင်းအာဏာပိုင်တွေက အခုလို လှေစီးပြေးဒုက္ခသည်တွေကို လက်ခံလေ့မရှိတာကြောင့် ဒီလူတွေဟာ သူတို့သွားလိုရာကို ခရီးဆက်ကြလေ့ ရှိပါတယ်။ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေအတွင်း ထိုင်းနိုင်ငံက လက်မခံဘဲ နှင်ထုတ်လိုက်တဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ရာနဲ့ချီပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း မလေးရှားနိုင်ငံ ကို ရောက်လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စာရင်းဟာ တရားဝင်အားဖြင့် ၆၀၀ ကျော်သွားပြီလို့ မလေးရှားအခြေစိုက် ရိုဟင်ဂျာဒုက္ခသည်များကော်မီတီက ပြောခွင့်ရ မိုဟာမက် ဆာဒီးက ပြောပါတယ်။

“ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ပိုင်းမှာဆိုရင် ------ ပထမဆုံးအသုတ်က အားလုံးပေါင်းတော့ အနည်းဆုံး ၃၀ ကျော်မယ်ဆိုတာကိုတော့ ကျနော်တို့ သိရှိပါတယ်။ နောက်ဆုံးကတော့ စင်ကာပူကို တသုတ်လာတယ်။ မလေးရှားကိုတော့ ပြီးခဲ့တဲ့ သုံး-လေးရက်ကြာက အားလုံး ၄၅၀ ကျော်ကျော်၊ ၅၀၀ နီးပါး ရောက်လာတယ်။ နောက်ဆုံးအသုတ်က အယောက် ၇၀ ရောက်လာတယ်။ အဲလိုပဲ၊ သုံးသုတ်ပဲ - အတိအကျ သတင်းစာမှာ အစိုးရ အာဏာ ပိုင်တွေ ပေါ်တင် ပြောနေတာ ရှိတယ်။ လူဦးရေအားဖြင့်ကတော့ ၆၀၀ ကျော်ကျော် ရှိတယ်လို့ ကျနော်ထင်ပါတယ်။”

သူတို့တွေ မလေးရှားကို ရောက်လာပေမယ့်လည်း မလေးရှားအစိုးရက တရားဝင် နေထိုင် ခွင့် ပြုထားတာတော့မဟုတ်ပါဘူး။ သူတို့ကို မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ထိန်းချုပ်ထားပြီး နောက်ပိုင်းကျမှ UNHCR အစရှိတဲ့ အဖွဲ့အစည်းတွေ က လာရောက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိတယ်-လို့ ရိုဟင်ဂျာ လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့ - မလေးရှားက ဇဖား အာမက်က ပြောပါတယ်။

“မလေးရှားက ထိန်းသိမ်းထားတဲ့သူတွေက UN နဲ့ကိုင်ပြီးတော့ သူတို့ကို ခိုလှုံခွင့်ပေးဖို့ အတွက် အင်တာဗျူးယူပြီးတော့ ခိုလှုံခွင့် အစီအစဉ် သူတို့ လုပ်ပေးတယ်။ UN ဥပဒေနဲ့ သူတို့လိုက်လုပ်နေတယ်။ မလေးရှားအစိုးရကလည်း မလေးရှားအစိုးရဥပဒေနဲ့ သူတို့ တိုင်ပင်ပြီးတော့ UNHCR အရာရှိကြီးတွေကို ခေါ်ပြီးတော့ အင်တာဗျူးယူပြီးတော့ သူတို့ကို ဒုက္ခသည်စခန်းတွေမှာ အခြေပြုဖို့အတွက် လုပ်လာတယ်လို့ ကျနော်တို့တွေ့တယ်။”

မလေးရှားကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နောက်ဆုံးရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အဖွဲ့ထဲမှာ လူ ၄၅၀ ပါတယ်လို့ ဆိုပါတယ်။ စင်္ကာပူဆိပ်ကမ်းကို ဒီဇင်ဘာလလယ်ပိုင်းမှာ ကပ်လာတဲ့ လူ ၄၀ ပါ ရိုဟင်ဂျာ ဒုက္ခသည်အုပ်စုကိုတော့ စင်္ကာပူအာဏာပိုင်တွေက ကမ်းကပ်ခွင့် မပေးဘဲ ပြန်နှင်ထုတ်လိုက်တဲ့အတွက် အဲဒီ ဒုက္ခသည်တွေဟာ မလေးရှားနိုင်ငံမှာ လောလောဆယ် ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ 
VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1