Thursday, January 3, 2013
ဘရာဇီးလ် တိုက်စစ်သမား နှစ်ဦးအား ပစ်မှတ်ထားနေဆဲ ဘိုအာ့စ်
Ever November | 1/03/2013 01:05:00 PM |
အားကစား
တော့တင်ဟမ် ဟော့စပါးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် အသင်း၏ ကာလရှည် ပစ်မှတ်ဖြစ်သော ဘရာဇီးလ် တိုက်စစ်မှူး နှစ်ဦးကို ခေါ်ယူရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။
ရှက်တာဒိုးနက်ခ် အသင်းမှ ကွင်းလယ် တိုက်စစ်သမား ဝီလျံနှင့် အင်တာနေစီယွန်နယ်လ် တိုက်စစ်မှူး လီယန်ဒရို ဒိုင်မီယိုတို့သည် ဘိုအာ့စ် သဘောအကျဆုံး ကစားသမားများလည်း ဖြစ်နေသည်။ ဘိုအာ့စ်သည် ဇန်နဝါရီ ဈေးကွက် ဖွင့်ချိန်တွင် ယင်းကစားသမား နှစ်ဦးကို ချဉ်းကပ်ရန် စီစဉ်ထားဆဲဟု သိရှိရသည်။ ဘိုအာ့စ်က ယင်းကစားသမား နှစ်ဦးလုံးကို ခေါ်ယူရန် ခက်ခဲမည်ဟု ဝန်ခံခဲ့သည့်တိုင် မိမိအနေဖြင့် အဆိုပါ ကစားသမားများကို ဝှိုက်ဟတ်လိန်းအတွက် လိုလားကြောင်း ဝန်ခံခဲ့သည်။
"ဝီလျံကို ကျွန်တော်တို့ ဆက်သွယ်ခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့ စိတ်ဝင်စားနေတဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ။ သူ့ကစားဟန်ကို ကျွန်တော် ကြိုက်တယ်။ ဒါပေမဲ့ နွေရာသီတုန်းကတော့ သူ့အတွက် ကျွန်တော်တို့ သဘောတူညီမှု တစ်ခုခု မရနိုင်ခဲ့ဘူး"ဟု ဘိုအာ့စ်က ဆိုသည်။ ၎င်းက "ရှက်တာဟာ ညှိနှိုင်းရ ခက်တဲ့ အသင်းမျိုးပါ။ သူတို့က ငွေလည်း သိပ်မလိုဘူးလေ။ သူတို့ရဲ့ ကစားသမားကောင်းတွေကို ထိန်းသိမ်းထားနိုင်တဲ့ အခြေအနေလည်း ရှိနေတယ်"ဟု ပြောဆိုသွားသည်။
ဘိုအာ့စ်က ဒိုင်မီယိုနှင့် ပတ်သက်ပြီးလည်း "စပါးမှာ ကစားသမားကောင်းတွေ အများကြီး ရှိနေပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လူငယ်တွေ၊ ကစားသမားကောင်းတွေကို ဖြည့်တင်းဖို့ လိုလားနေတုန်းပါ။ ဒိုင်မီယိုဟာ လိုအပ်ချက်တွေနဲ့ အံကိုက်ဖြစ်နေတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ တကယ်လို့ သူ့ကို ခေါ်ယူနိုင်မယ့် အလားအလာ ဆက်ရှိနေဆဲဆိုရင် သူဟာ ကျွန်တော်တို့ စောင့်ကြည့်စာရင်းမှာ အမြဲတမ်း ပါဝင်နေမှာပါ"ဟု မှတ်ချက်ပြုသွားခဲ့သည်။
soccer myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment