Thursday, January 3, 2013

ဓာတ်အားထုတ်လုပ်မှု လျော့လာသဖြင့် ရန်ကုန်မြို့တွင်း စက်မှုဇုန်များကို လျှပ်စစ်မီး စဖြတ်

Ever November | 1/03/2013 01:47:00 PM | Best Blogger Tips

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျလာသည့်အတွက် ရန်ကုန်မြို့တွင်းရှိ စက်မှုဇုန်များတွင် ဇန်န၀ါရီ ၁ ရက်နေ့ မှ စတင်ကာ လျှပ်စစ်မီး ဖြတ်တောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
လျှပ်စစ်မီးကို ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ တနေ့လျှင် ၇ နာရီကြာ ရက် အကန့်အသတ် မရှိ ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်၏ တရားဝင်ပြောဆိုချက်အရ သိရကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က“ခြောက်သွေ့ ရာသီ ရောက်လာတဲ့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့လာတော့ မီးဖြတ်တောက်ရတာပါ။ ပြည်သူတွေကို ဦးစားပေးရမယ်” ဟု ဦးအောင်ခိုင်က ဆိုကြောင်း သိရသည်။ စက်မှုဇုန်များတွင် လျှပ်စစ်မီး ဖြတ်တောက်ပါက စက်ရုံများတွင် ဒီဇယ်မီးစက်များဖြင့် လည်ပတ် ရမည် ဖြစ်သောကြောင့် ကုန်ဈေးနှုန်းများ တက်လာနိုင်ပြီး စက်ရုံလည်ပတ်မှုကို ထိခိုက်မှုရှိနိုင်သော်လည်း လျှပ်စစ် မီးလျှော့ပေးမည်ကို ကြေညာသည့် အတွက် ကြိုတင်စီစဉ်ရန် လွယ်ကူကြောင်း ဦးမြတ်သင်းအောင် က ပြောသည်။
“ဒီမိုးတွင်းမှာတော့ လျှပ်စစ်မီး ၂၄ နာရီ ရခဲ့ပါတယ်။ အရင်ကဆိုရင် ညနေ ၅ နာရီ နေ့ဆိုရင်လာချင်မှ လာတယ်။ ပြီးတော့ စက်မှုဇုန် စက်ရုံတွေ မီးကို ခိုးသုံးရင်တော့ မီးလိုင်းပါ တခါတည်း လာဖြတ်သွားမှာပါ။ မီး ၂၄ နာရီ ပုံမှန် မပေးနိုင်တဲ့ အတွက်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နောက်ကျနေတာပါ” ဟု ဦးမြတ်သင်းအောင်က ဆိုသည်။
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလိုသူများကိုလည်း နိုင်ငံတော်အစိုးရက လျှပ်စစ်မီးအတွက် အာမမ ခံနိုင်သေးကြောင်း ၊ မိုးတွင်းတွင်သာ၂၄ နာရီအပြည့် လျှပ်စစ်မီး ပေးနိုင်မည်ဟု ပြောဆိုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ လက်နှေးနေကြောင်း၊ လျှပ်စစ်မီးကြောင့် လက်ရှိတွင် အအေးခန်းသုံး စက်ရုံများ၊ ပလပ်စတစ် စက်ရုံများနှင့် မုန့်ဖုတ်လုပ်ငန်းများ အဓိကထိခိုက်နိုင်ကြောင်း သိရသည်။
“အရင်နှစ်တွေကထက် စာရင်တော့ တော်သေးတာပေါ့။ ၇ နာရီပဲ ဖြတ်တာ။ ဟိုတုန်းကဆိုရင် တနေကုန် နီးပါး ဖြတ်လိုက်တယ်။ ပြည်သူတွေအတွက်တောင် မြန်မာပြည် လျှပ်စစ်မီးက မလုံလောက်ဘူး။ အဲဒါကြောင့်ဖြတ်လိုက်တာလို့ ပြောပါတယ်” ဟု စက်မှုဇုန် လုပ်ငန်းရှင်တဦးက ပြောသည်။
ပွင့်လင်းရာသီ ရောက်ရှိလာသည့် အတွက် လျှပ်စစ်မီးများ ပြတ်တောက်သွားမည်ကို လုပ်ငန်းရှင်များ သာမက ပြည်သူများက ပါ စိတ်ပူနေကြသည်။
“လျှပ်စစ်မီးက နွေရာသီရောက်ရင် အလှည့်ကျ ပေးတက်ကြတယ်။ မီးမလာရင် ရန်ကုန်မှာ ဘာမှလုပ် လို့မ ရဘူး။ အခုတော့ ၂၄ နာရီ ရနေတော့ အားလုံး အဆင်ပြေတယ်။ ဒီလိုပဲ ပုံမှန် ပေးသွားရင် ကောင်းမှာပဲ” ဟု ကျောက်မြောင်းတွင် နေထိုင်သူအမျိုးသမီးတဦးက ဆိုသည်။
စစ်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလထုတ် အစိုးရသတင်းစာတွင် အမှတ် ၂ လျှပ်စစ် ၀န်ကြီးဌာန ထုတ်ပြန်ချက် များအရ ရွှေကျင်၊ ဖြူး၊ ရဲရွာ၊ နန်ချို၊ အမ်း၊ တာပိန် ၁၊ ချီဖွေငယ်၊ ကြီးအုံကြီးဝ၊ ကွန်း၊ အထက်ပေါင်းလောင်း၊သောက်ရေခပ် ၂၊ ဘီလူးချောင်း ၃ ၊ သူဌေး၊ ထမံသီ၊ မဏိပူ၊ အထက် ကျိုင်းတောင်း စသည့် ရေအားလျှပ်စစ်စီမံကိန်း ၁၆ ခုကို ၂၀၁၀ ပြည့်နှစ်မှ စတင် အကောင် အထည် ဖော်နေကြောင်း၊ ၂၀၁၀/ ၂၀၁၁ ခုနှစ်တွင် စီမံကိန်း ၉ ခုပြီးပါက တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား လုံလောက် မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပိုလျှံသည်အထိပင် ဖြစ်လာနိုင်ကြောင်း ရေးသားထားသည်။ ထို့အပြင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ထုတ် အစိုးရ သတင်းစာတွင်လည်း ၁၉၈၈ ခုနှစ် မတိုင်မီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ၅၂၉. ၁ မဂ္ဂါဝပ်သာ ရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ၃၀၄၅. ၄ မဂ္ဂါဝပ်အထိ တိုးတက်ခဲ့ပြီး တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံ ၆၀ ကျော်မှ ၄၁၂၀၆. ၅ မဂ္ဂါဝပ်နှင့် နောင်တွင် တည်ဆောက်မည့် ဓာတ်အားပေး စက်ရုံ ၁ ရုံမှ ၂၆ မဂ္ဂါဝပ် ရရှိမည်ဖြစ်ကြောင်းနှင့် စီမံကိန်းအားလုံး ပြီးစီးပါက ၄၄၂၇၆. ၉ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင် လာ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။


From..NLABR

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1