Friday, March 29, 2013

မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်

Ever November | 3/29/2013 09:34:00 PM | Best Blogger Tips

သင်ကြားရေး ဆရာ၊ ဆရာမအင်အားလိုအပ်ချက်ရှိနေသည့်အခြေခံပညာ ရေးကဏ္ဍအတွက်လာမည့်ပညာ သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမအင်အား တစ်သောင်းတိုးမြှင့်ခန့်ထားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင်ပြောကြားသည်။
"နေရာဒေသအလိုက် လိုအပ်ချက်အရ အင်အားဖြည့်တင်းတဲ့ သဘော ပါ။ဒေသအားလုံးမှာ မူပြ ဆရာ၊ ဆရာမတွေ ခန့်ထားဖြည့်ဆည်း သွား မှာပါ။ ဦးစားပေးအနေနဲ့ လိုအပ်ချက်ရှိနယ်တွေကို ဦးတည်ဖြည့်ဆည်းသွားမယ်။ မူလတန်းပြ တစ်သောင်း ၀န်းကျင်လောက် ခန့်အပ်သွားပါမယ်" ဟုပညာရေးဝန်ကြီးဌာန၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင် က ပြော ကြားသည်။

သင်ကြားရေးဆရာ၊ ဆရာမအင်အား နှစ်သိန်းနီးပါးရှိသည့် မူလတန်းနှင့် မူလွန်အဆင့် အခြေခံပညာရေး ကဏ္ဍ အင်အားဖြည့်တင်းရာ၌ နယ်ဒေသများတွင် လက်ရှိလုပ်ကိုင်နေသော ဆွဲခန့် ဆရာ၊ ဆရာမများအား ဦးစားပေးခန့် အပ်သွားမည်ဟု သိရသည်။

မူလတန်းပြ ဆရာ၊ ဆရာမ၀န်ထမ်း၊ အခြေခံပညာ ကျောင်းများအတွက် အထွေထွေလုပ်သားဝန်ထမ်း၊ အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူနေရာများအတွက် ၀န်ထမ်းလျှောက်လွှာများ ခေါ်ယူခြင်း ကို နိုင်ငံပိုင် သတင်းစာများတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ပညာရေး ၀န်ကြီးဌာနမှ ကြေညာခဲ့သည်။

မူလတန်းပြဆရာ၊ ဆရာမ၀န်ထမ်း နေရာလျှောက်ထားလိုသူများအနေဖြင့် ဧပြီလ ၉ ရက်နေ့တွင်ရေးဖြေ စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး လာမည့်ပညာသင် နှစ်အမီ သင်ကြားရေးဆိုင်ရာ သင်တန်းများ ကိုလည်း မေလအတွင်း တက်ရောက်ရမည်ဖြစ်သည်ဟုလည်း ဦးကိုကိုတင်က ပြောကြားသည်။

အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး၊ ၂၀၁၂-၁၃ ပညာ သင်နှစ် တွင် ငွေကျပ်ဘီလျံ ၆၀၀ ကျော် အသုံးပြုခဲ့သော်လည်း လာမည့်ပညာသင်နှစ် အတွက် ငွေကျပ် ဘီလျံ ၉၀၀ အထိ တိုးမြှင့်သုံးစွဲမည်ဟု ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ဖူး သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ မလိုအပ်သော ရုံးအသုံးအဆောင်ပစ္စည်းများ ၀ယ်ယူအသုံးပြုရန်လျာ ထားသည့် ငွေကျပ် ဘီလျံ ၃၀ ကျော်အား အခြေခံ ပညာရေး ကဏ္ဍတွင် ဖြည့်ဆည်းပေးနိုင် ရန် ဖေဖော်ဝါရီလအတွင်းကပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် သဘောတူညီခဲ့ပြီးဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍ ဘတ်ဂျက်တိုးမြှင့်ရရှိခဲ့ရာ ပညာ ရေးဝန်ကြီးဌာနအနေဖြင့် မူလတန်းပြ ဆရာ၊ ဆရာမအင်အားဖြည့်တင်းခြင်းအပြင် အခြေခံပညာကျောင်းများ တည်ဆောက်ပြုပြင်ခြင်းနှင့် ပညာရေးမှူးရုံးများ တိုးချဲ့ခြင်း၊ ဆောက်လုပ်ခြင်းတို့ အတွက် ဘတ်ဂျက်ခွဲဝေ အသုံးပြု သွားမည်ဖြစ်ကြောင်းပညာရေး စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က ပြောသည်။

"ဥပဓိရုပ်ကောင်းမွန်တဲ့ အခြေခံပညာကျောင်းတွေဖြစ်လာဖို့ ပြင်သင့်တာပြင်၊ အသစ်ဆောက် သင့်တာ ဆောက်သွားဖို့ရှိပါတယ်။ အသုံးပြုဖို့ အန္တရာယ်အဆင့်ရှိတဲ့ ကျောင်းတွေ လည်းရှိနေပါတယ်။

ပထမအနေနဲ့ အခြေခံပညာကျောင်း တစ်ထောင် လောက်ကို ဦးစားပေးပြုပြင်သွားဖို့ ရှိတယ်" ဟုဦးကိုကိုတင်က ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပညာရေးမှူးရုံး၁၈ ရုံးနှင့် မြို့နယ်ပညာရေးမှူးရုံး ပေါင်း ၃၀၀ ကျော် ရှိသည့်အနက် လာမည့်ပညာသင်နှစ်မှ စတင်ပြီး တစ်နိုင်ငံလုံးရှိ ခရိုင် ၅၂ ခရိုင်တွင် ခရိုင် ပညာရေးမှူးရုံးများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် အသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ပညာရေးကဏ္ဍ အတွက် စုစုပေါင်းအသုံးစရိတ်၏ ၄ ဒသမ ၃ ရာခိုင်နှုန်းအသုံးပြု ခဲ့သော်လည်း ယခုနှစ်တွင် ၅ ဒသမ ၈၄ ရာခိုင်နှုန်းခန့် တိုးမြှင့် သုံးစွဲသွား မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုခဲ့သည့် ၂၀၁၃ - ၂၀၁၄ ပြည်ထောင်စု အစိုးရ၏ ရသုံးခန့်မှန်းခြေငွေစာရင်းအရ သိရသည်။

မြန်မာတိုင်း(မ်)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1