အာဆင်နယ် အသင်းအနေဖြင့် အဘူဒီယာဘီအား ကာလရှည်ကြာ လက်လွှတ်ရမည့် အခြေအနေမျိုး ရင်ဆိုင်လာရပြီ ဖြစ်သည်။
ပြင်သစ် လက်ရွေးစင် ကွင်းလယ် ကစားသမားသည် ရာသီအစက ခြေစွမ်း အကောင်းဆုံး အနေအထားတွင် ရှိခဲ့ပြီးမှ ဒဏ်ရာ ပြဿနာများကြောင့် အနားယူခဲ့ရသည်။ ထို့နောက် ပွဲစဉ်အချို့တွင် ပြတ်တောင်းပြတ်တောင်း ပါဝင် ကစားခဲ့သလို ဒဏ်ရာ နွံမှ မလွတ်ဘဲ ရှိနေရာ ဗုဒ္ဓဟူးနေ့ကမူ အခြေအနေ အဆိုးဆုံး ဖြစ်သွားသည်။ ၎င်းသည် လေ့ကျင့်ရေးကွင်းတွင် ဘယ်ဘက်ဒူး အရွတ် ပြင်းထန်စွာ ထိခိုက်မိသဖြင့် ခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်ပြီး ယင်းကြောင့် (၉)လမျှ အနားယူရနိုင်ကြောင်း သိရှိရသည်။
အာဆင်နယ် အသင်းက "လောလောဆယ် ဒီယာဘီရဲ့ ဒဏ်ရာကို အထူးကုတွေရဲ့ ညွှန်ကြား အကြံပေးမှုအတိုင်း ကြပ်မတ် ကုသပေးနေပါတယ်။ သိပ်မကြာခင်မှာ ဒဏ်ရာကို ခွဲစိတ်မှု တစ်ခုလည်း လုပ်ဖို့ ရှိနေပါတယ်။ ဒီအခြေအနေမှာ (၈)လ၊ (၉)လလောက်ထိ အနားယူရနိုင်ပါတယ်။ ခုတော့ အာဆင်နယ် တစ်သင်းလုံး ဒီယာဘီ အခြေအနေ ကောင်းဖို့နဲ့ ဒဏ်ရာ မြန်မြန် သက်သာ ပျောက်ကင်းဖို့ ဆုတောင်းပေးနေပါတယ်"ဟု ကြေညာခဲ့သည်။ ဒီယာဘီသည် ယခု ဘောလုံးရာသီ တစ်ခုလုံး အာဆင်နယ်အတွက် ကစားပေးနိုင်တော့မည် မဟုတ်သလို အသင်းအနေဖြင့် လာမည့်ရာသီတွင် ကွင်းလယ်ခံစစ် ကစားသမားသစ် တစ်ဦး ဝယ်ယူရေးကို အလေးထား လုပ်ဆောင်ရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။
Ref: Daily Mail
soccer myanmar
No comments:
Post a Comment