Friday, March 29, 2013

နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေးများ ရရှိနေသည်ကို ပြည်သူပြည်သား များ ပညာအမျှော်အမြင်ဖြင့် ရယူတတ်မှ နိုင်ငံ့အနာဂတ်အတွက်အကျိုးဖြစ်နိုင် မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Ever November | 3/29/2013 09:55:00 PM | Best Blogger Tips

မြန်မာနိုင်ငံအတွက် နိုင်ငံတည်ဆောက်နိုင်မည့်အခွင့်အရေးများပေါများစွာရရှိနေသည်ကို ပြည်သူပြည်သား
များ ပညာ အမျှော်အမြင်ဖြင့် ရယူတတ် လုပ်ကိုင်တတ်မှ နိုင်ငံအနာဂတ်အတွက် အကျိုးဖြစ်နိုင်မည် ဟုဒေါ်အောင်ဆန်းစုကြည်က မတ် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့၌ ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အ.ထ.က ကျောင်းတွင် သီတဂူဆရာတော် အရှင်ဉာဏိတ္တရကြီးမှူး၍ ဗယ်လ်ဂျီယံနိုင်ငံသား ဒေါက်တာဗိုလ်ကူးမားဆောက်လုပ် လှူဒါန်းသည့် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အောင်ဆန်းကွန်ပျူတာကျောင်းဆောင်သစ် ဖွင့်ပွဲ အပြီး ကျောင်းသူကျောင်းသားများနှင့်ပြည်သူလူထုသို့ အမှတ် တရ စကား ပြောကြားစဉ် ထိုသို့ပြော ကြား ခဲ့ခြင်းဖြစ်သည်။

သူမအနေဖြင့် လူဆိုးလူကောင်း ပညာရှိသူ ပညာမဲ့သူဟု ခွဲခြားမမြင်ဘဲ သင်၍ရသူနှင့် မရသူဟူ၍သာ ခွဲခြားမြင်ကြောင်း သင်ယူချင်သူများအတွက်နေ့စဉ် လူ့ဘ၀တွင် သင်ယူစရာများ အများအပြား ရှိကြောင်း ကျောင်းသူကျောင်းသားများ အနေဖြင့်လည်း ကျောင်းတက်စဉ် သာမကကျောင်းပြီးသွား ချိန်တွင်လည်း အပြင်လောကအကြောင်း သင်ယူရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

"ပညာဆိုတာ ဖယောင်းတိုင် မီးလေးလိုပါဘဲ ဖယောင်းတိုင်မီးလေးတစ်စက ဖယောင်းတိုင်တွေ အများကြီး ကိုပွားပြီး အလင်းရောင်တွေ ပေးနိုင်ပါတယ်၊ ကျယ်ဝန်းတဲ့ ပတ်ဝန်းကျင်ကို အလင်းရောင် ပေးနိုင်ပါတယ်၊ ပညာသင်တယ်ဆိုတာ အများအကျိုး ပြုနိုင်ဖို့အတွက်ပါ၊ အများကိုအကျိုးပြုရင်း ကိုယ့်အကျိုးလည်းပါသွား ပါလိမ့်မယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံရေးဆိုသည်မှာ နိုင်ငံ့အရေးအများနှင့်ဆိုင်သည့် အရေးကိုပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေး ကို ခံစားချက်ဖြင့်လုပ်၍မရကြောင်း နိုင်ငံရေးလုပ်လျှင် သဘောထားကြီးရန်၊ အမြင်ကျယ်ရန်၊ အနာဂတ် အတွက် လိုအပ်ချက်ကို သေသေချာချာ သိရန် လိုအပ်ကြောင်း များ လည်း ထည့်သွင်းပြောကြား ခဲ့သည်။

ထိုအောင်ဆန်း ကွန်ပျူတာ ကျောင်းဆောင်သစ် ဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပညာရေး ၀န်ကြီး ဦးဖေတင်၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းတို့ တက်ရောက်ခဲ့ကြပြီး သီတဂူ သာသနာပြုအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးဟန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1