Wednesday, June 12, 2013

မလေးရှားတွင် မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံရမှု ပိုမိုဆိုးရွားလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာနာနားလည်မှုများ ပိုမိုပြသလာ

Ever November | 6/12/2013 09:48:00 AM | Best Blogger Tips
မလေးရှားတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် တရားခံများ ဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် မြန်မာနိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးတို့ကို လူသတ်မှု သုံးခုအတွက် သံသယ ရှိသူများအဖြစ် ဆီလန်ဂေါ ရဲတပ်ဖွဲ့မှ အလိုရှိသူများ ဖြစ်ကြောင်း ဇွန် ၁၀ ရက်က ထုတ်ပြန်နေသည်ကို တွေ့ရစဉ် (Photo: PolisSelangor facebook)

မလေးရှားနိုင်ငံတွင် မြန်မာများအကြမ်းဖက်ခံရမှုပိုမိုဆိုးရွားလာပြီး မြန်မာတစ်နိုင်ငံလုံးက အတိုင်းအတာ   ဖြင့် စာနာနားလည်မှုများ ပိုမိုရှိလာကြောင်း သိရှိရပါသည်။

မလေးရှားရောက် မြန်မာနိုင်ငံ သားများအား ဒေသခံ လူတစ်စုက တိုက်ခိုက်မှုများ မေ ၂၉ ရက်မှ စတင် လာခဲ့ပြီး ယနေ့အထိ =ဆက်လက်တိုက်ခိုက်နေမှုများ ဖြစ်ပွားနေသောကြောင့် မလေးရှားတွင် ရှိသော မြန် မာ လူမျိုးတို့ စိုးရိမ်ကြောက်ရွံ့လျက် ရှိနေသည်ဟု မလေးရှားတွင် ရှိနေသော မြန်မာများက ပြော ဆိုကြ သည်။
ထို့ပြင် ဇွန် ၉ ရက်ကလည်း မြန်မာအမျိုးသမီးနှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရကြောင်း အတည် မပြု နိုင်သေးသော သတင်းများထွက်ပေါ်ခဲ့သည်။ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုစံမင်း ကလည်း "၉ ရက်နေ့ကလည်း ကွာလာလန်ပူနဲ့ နီးတဲ့နေရာမှာ အမျိုးသမီးနှစ်ဦး မုဒိမ်းကျင့်ပြီး အသတ်ခံရ တယ်၊ အခြေအနေက ဘာမှန်းမသိဘူး။ အားလုံးက ချောက်ချားနေကြတယ်။ မလေးရဲကတော့ အလောင်းကောက်တာ မျိုးပဲ လုပ်နေတယ်၊ ဒီမှာလည်း တော်တော်များက ပြန်ချင်နေကြပြီ" ဟု ပြောကြား ခဲ့သည်။
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော NLD Youth (LA) မှ ကိုကျော်ကိုကိုက "မလေးမှာ ဖြစ်နေ တာက မေလ ၃၀ ရက်နေ့ ကတည်းက စဖြစ်ဖြစ်ချင်းမှာ မြန်မာသံရုံး ကရော၊ သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိတဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရော၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်ရော အားလုံးက မမှန်သတင်းတွေ ပြောကြတယ်၊ ဒီမှာက ငါဘယ်နေ့ အသတ်ခံရမလဲ ဆိုတာကို စိုးရိမ်နေကြရတယ်။ ကျွန်တော်တို့တွေကတော့ မလေးအစိုးရ အနေနဲ့ရော၊ မြန်မာအစိုးရ အနေနဲ့ရော ဥပဒေကြောင်းအရ ထိထိရောက်ရောက် ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ယူဆတာက မြန်မာပြည်အတွင်းမှာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာ ၀င်တွေဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ထင်ပါတယ်။ ပြည်တွင်းမှာ ပဋိပက္ခတွေကို ဘယ်သူတွေ ဖန်တီးတယ်လို့ဆိုဆို အဲဒီလူတွေ အနေနဲ့ မွတ်စလင် နိုင်ငံတွေမှာနေတဲ့ ကိုယ့်လူမျိုးတွေကိုတော့ မေ့မထား စေချင်ဘူး" ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ထို့အတူ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သူ ကိုမင်းမင်းက "ကျွန်တော်တို့တွေက သူများနိုင်ငံမှာ ပျော်လို့နေနေတာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် မရှိဘူး။ ရှိတဲ့ အလုပ်ကလည်း လစာက မလောက်မငနဲ့။ ဒါကြောင့်လည်း မလေးလို နေရာမှာ အလုပ်လာလုပ် ကြရတာပါ။ အခုတော့ ကျွန်တော်တို့ ဘယ်ကိုမှ မထွက်ရဲဘူး။ ညလည်း ကောင်းကောင်း မအိပ်ရဘူး။ ကင်းစောင့်နေကြ ရတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်နေကြရတယ်။ ဒီမှာက လူအယောက် ၃၀ လောက်ရှိတဲ့ လူအုပ်စုက ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လိုက်နေတာ။ သူတို့တွေ ပြောတာက မြန်မာမှန်ရင် သတ်ပစ်မယ် တဲ့။ ဆလာရန်းကတော့ အရင်ကတည်းက မြန်မာပြည်ကလာတဲ့ မွတ်စလင်တွေ များပါတယ်။ အမ်ပန်း မှာ မြန်မာပြည်ကလာတဲ့ မွတ်စလင် ဆရာဝန် တစ်ယောက်က မြန်မာမွတ်စလင်တွေ အပေါ်မှာ သြဇာကြီး ပါတယ်။ ဘယ်သူဘယ်ဝါ သတ်တာလဲ သေချာမသိပေမယ့် သတ်ခါနီး ဘာလူမျိုးလဲ မေးပြီးမှ သတ်တာ ဆိုတော့ မြန်မာပြည်ကလာတဲ့ မွတ်စလင်တွေ ဖြစ်ပုံရပါတယ်။ နောက်ကွယ်မှာတော့ မလေး လူမျိုးတွေ ပါမယ်ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။
မလေးရှားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းကြောင့် မလေးရှား ရဲတပ်ဖွဲ့အား ဖိအားပေးနေချိန်တွင် ဆလန်ဂေါ ရဲတပ်ဖွဲ့က ဧပြီလအတွင်း မြန်မာနိုင်ငံသားများ အသတ်ခံရမှုတွင် သံသယရှိသော မြန်မာ လူမျိုး နှစ်ဦးနှင့် အင်ဒိုနီးရှား နိုင်ငံသူတစ်ဦး အသတ်ခံရမှုအတွက် အင်ဒိုနီးရှား အမျိုးသားတစ်ဦးအား သံသယရှိကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဖြစ်စဉ်များသည် ပြီးခဲ့သည့် ဧပြီလ အတွင်းက ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်အချို့ ပါဝင်ပြီး မေလကုန်နှင့် ဇွန်လဆန်းတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် အသတ်ခံရမှု ဖြစ်စဉ်အတွက် တရားခံများအား ဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
နန်းခင်ဇေယျာ၏ Facebook စာမျက်နှာတွင် Profile picture ကို အနက်ရောင်အဖြစ် ပြောင်းလဲထားစဉ်
မလေးရှား နိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံနေရမှုနှင့် ပတ်သက်၍ နာမည်ကြီး သတင်းဌာန ဘီဘီစီ အပါအ၀င် နိုင်ငံတကာ သတင်းအေဂျင်စီ အချို့တွင် အကျယ်တ၀ံ့ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရပြီး ဘီဘီစီ သတင်းဌာနတွင် ဇွန် ၉ ရက်က သတင်းတိုတစ်ပုဒ် ထည့်သွင်းထားသည် ကို တွေ့ရသည်။ မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ကိုစံမင်းက  "ကျွန်တော်တို့ ဖြစ်ဖြစ် ချင်းမှာ ပြည်ပက နာမည်ကြီး သတင်းဌာနတွေက ဘာသံမှ မထွက်ပါဘူး။ ဒါကြောင့်လဲ။ တချို့လူတွေက ဘာမှ သိပ်မသိလိုက်တော့ မရှောင်နိုင်လိုက်ကြဘူး။ ရခိုင်ကိစ္စ တုန်းကကျတော့ လူ့အခွင့်အရေး ဆိုပြီး အော်လိုက်ကြတာ ကျွန်တော်တို့ကိုကျတော့ လူ့အခွင့်အရေးနဲ့ ကာကွယ်မပေးကြဘူး" ဟု ရင်ဖွင့် သည်။
မလေးရှားတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက "ကျွန်တော်တို့ မလေးမှာ ဖြစ်ပွားနေတဲ့ အခြေအနေကို သုံး သပ်ကြည့် တော့ မလေးရှားဒေသခံ မွတ်စလင်တွေနဲ့ မြန်မာလူမျိုးတွေနဲ့ ဖြစ်တာ မဟုတ်ဘူး။ မလေးရှား နိုင်ငံထဲကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့ ဖြစ်တာလို့ သိရတယ်။ ကျွန်တော်တို့ကတော့ ဒီကိစ္စကို ကူညီဆောင်ရွက်ဖို့ မြန်မာအစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေကို အကြံပြုတာ၊ တိုက်တွန်းတာ၊ အချက်အလက် ပေးပို့တာတွေကို လုပ်ပေးပါတယ်။ အဓိက အရေးအကြီးဆုံး နှစ်ချက်က မလေးမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေး၊ အဓိကကတော့ အသက်အန္တရာယ်ပေါ့။ နောက်တစ်ချက်က အရင်လို အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်ကိုင် နိုင်ဖို့အတွက် အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး အစိုးရ နှစ်ရပ်လုံးဆီကို အကြံပြုကြဖို့ လိုပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။   
မလေးတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တစ်ဦးက "အခု မလေးရှားက လူတွေအတွက် တစ်နိုင်ငံလုံးကလူတွေ တွေးပူပေးကြလို့ ဒုက္ခရောက်နေတဲ့ လူတွေ ကိုယ်စား အားလုံးကို ကျေးဇူးတင်ပါ တယ် လို့ ပြောပါရစေ။ အထူးသဖြင့်တော့ ဒီကလူတွေ အိမ်အပြန် ခရီး ချောမွေ့စေ ဖို့နဲ့ ဒဏ်ရာရတဲ့ သူတွေအတွက်ပါ ကူညီကြတဲ့ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်တို့ကို ကျေးဇူးတင်ပါတယ်။ တစ်နိုင်ငံလုံးက ကိုယ့်လူမျိုးတွေကို မေ့မထားဘူးဆိုတာ သိရလို့ မျက်ရည်လည်အောင် ၀မ်းသာမိပါတယ်။ တစ်လက်စတည်း ကျွန်တော်ပြောချင်တာက အခုဒီမှာနေပြီး ဒုက္ခပိုရောက်ကျတာ Over stay တွေပါ။ သူတို့ကို ဦးစားပေးအနေနဲ့ ကူညီစေချင်ပါတယ်။ သူတို့လည်း Over stay  ဖြစ်ချင်လို့ ဖြစ်တာမဟုတ်ပါဘူး။ အခက်အခဲ အမျိုးမျိုးကြောင့်ပါ။ အခု သူတို့က ပိုဒုက္ခ ရောက်ပါတယ်။ ကျွန်တော်အဓိက ပြောချင်တာ Over stay သမားတွေကို ဦးစားပေးပါလို့ ပြောချင်ပါတယ်" ဟု ပြောကြားသည်။
လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က "ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံပြီး ကျွန်တော်တို့ လူမျိုးတွေ မလေးရှားမှာ အသတ်ခံနေရတာ မလေးရှား အစိုးရနဲ့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်။ အခုလို ဖြစ်တာတွေက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ၊ လားရှိုးမှာ ဖြစ်တာတွေ ရဲ့ နောက်ဆက်တွဲတွေပါပဲ။ မြန်မာနိုင်ငံ သားတွေကို အခြားနိုင်ငံသားများ နည်းတူ အကာအကွယ် ပေးဖို့ အတွက် ဒီလ ၁၅ ရက်မှာ မလေးရှား သံရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့် တင်ထားပါ တယ်" ဟုဆိုသည်။
မလေးရှား နိုင်ငံအတွင်း အကြမ်းဖက် ခံခဲ့ရသဖြင့် ဒုက္ခရောက်နေသော မြန်မာနိုင်ငံ သားတို့အား မြန်မာ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်၊ ဦးတေဇတို့က ငွေ လှူဒါန်းခြင်း များ ပြုလုပ်ခဲ့ပြီး ပြန်လာလိုသည့် သူများအား လေယာဉ်လက်မှတ် များကိုပါ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ အလှူရှင်များကလည်း မိမိတို့ တတ်နိုင်သ၍ လှူဒါန်းမှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ရွှေတောင်၊ ဒဂုံအင်တာနေရှင်နယ်၊ ဒိုင်းမွန်းစတား၊ ရွှေသံလွင် စသည်တို့မှ လှူဒါန်းမှုများ ယခုထိ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။
EMG
 
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1