Monday, July 30, 2012

စစ်အာဏာရှင်စနစ်အောက်က တပ်မတော် - အပိုင်း (၃)

Ever November | 7/30/2012 10:54:00 AM | Best Blogger Tips
ပြည်သူဘက် ရပ်တည်တဲ့ ထိုင်းစစ်တပ်ကို ပြည်သူက ကြိုဆိုနေပုံ

စည်းလုံးခြင်းရဲ့အင်အားစုတစ်ရပ် တည်ဆောက်နေခြင်း
DVB နှင့် အစီအစဉ် အရှိန်အဟုန်မြှင့်ခြင်း
 
DVB ရဲ့ အစီအစဉ် အသစ်ကို ကျွန်တော် ကိုဖိုးတရုတ်က “စည်းလုံးခြင်းရဲ့အင်အား” အဖွဲ့သားများနဲ့အတူ အင်တာနက် အွန်လိုင်းမှ Gtalk နှင့် တစ်မျိုး၊ အီးမေးလ်ပို့လို့ တစ်ဖုံ၊ ဖုန်းနဲ့ ဆက်သွယ်၍ တစ်မျိုး ၀မ်းသာအားရ တိုင်ပင်ညှိနှိုင်း ခဲ့ကြပါတယ်။ ပင်တိုင် ဆောင်းပါးရှင် ဗိုလ်မှူး ကျော်ကျော်ခိုင်ရဲ့ ဆောင်းပါးများနဲ့ “ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ” ကို အသံလွှင့်ရန် အဖွဲ့က ရွေးချယ် ဆုံးဖြတ်ခဲ့ပြီး ဆရာ ဦးခင်မောင်စိုးထံ ပေးပို့ခဲ့ပါတယ်။ DVB မှ စတင် အသံလွှင့်ပြီး နှစ်ပတ်ခန့် အကြာတွင် ဆရာ ဦးခင်မောင်စိုးက ဆွေးနွေး ညှိနှိုင်းလိုကြောင်း ချိန်းလို့ အွန်လိုင်းပေါ်မှာ တက်ခဲ့ ပါတယ်။

“ဟဲလို … တရုတ်ကြီးရေ၊ ဗိုလ်မှူးကျော်ကျော်ခိုင် ဆောင်းပါးတွေက ထိမိ ပါတယ်။ ပိုပြီး စိတ်ဝင် စားဖွယ် ဖြစ်အောင် ပေါ်လစီနဲ့ သက်ဆိုင်တဲ့ တပ်တွင်း ဖြစ်စဉ် များကိုလည်း ဆက်စပ်ပြီး ထည့်ပေး လိုက်ရင် ကောင်းမလားလို့ တိုင်ပင် တာပါ။”

“ဟုတ်တယ် ဆရာစိုးရေ၊ တချို့က တပ်တွင်းဖြစ်စဉ်တွေကို သိချင်နေတာမို့ ကျွန်တော်က ဆောင်းပါးရှင်နဲ့ တင်ပြညှိနှိုင်းပြီး သူ့ရဲ့ သဘောထား မှတ်ချက်နှင့်အတူ အမြန်ပို့ပေး လိုက်ပါမယ်။”

ကျွန်တော် ကိုဖိုးတရုတ်လည်း ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်အား အလုပ်မအားတဲ့ အထဲက ဇွတ်အတင်း အွန်လိုင်းပေါ် ဆွဲတင်ပြီး နားပူနားဆာ လုပ်ပါတော့တယ်။ သူက သဘောထားကြီးစွာနဲ့ လိုအပ်တာ ဖြည့်စွက်ပေးလိုက်ပါတယ်။ DVB မှ ထုတ်လွှင့်ပေးချိန်တွင် ပြည်တွင်းရှိ တပ်မတော်သားများအနေနဲ့ စိတ်ဓါတ်များ တက်ကြွလာပြီး ကျွန်တော်တို့ထံ အခုလို ဆက်သွယ် တင်ပြလာပါတယ်။

“အစ်ကိုကြီးတို့ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှာလည်း အဲဒီ DVB နှင့် VOA တို့က ထုတ်လွှင့်ချက်တွေကို အသံဖိုင်နှင့်တကွ မူရင်းစာသားတွေကိုပါ ထပ်မံတင်ပြပေးပါလို့ တောင်းဆိုနေကြတယ်။ ဘာလို့လဲဆိုတော့ ၀က်ဘ်ဆိုဒ်မှာ မူလက တင်ထားတဲ့ ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ ဆောင်းပါးပါ အချက်အလက်စာသားများကို ထပ်မံခြယ်မွှန်းထားလို့ တမူထူးခြားတယ် ထင်တယ်။”

“ဟုတ်တယ် ညီလေးတို့ရေ၊ ရုတ်တရက်ကြည့်ရင် ၀က်ဘ်ဆိုဒ်က တင်ထားခဲ့ပြီးတဲ့ ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ ဆောင်းပါးတွေကို မူရင်းအတိုင်း အသံလွှင့်တယ်လို့ ထင်စရာရှိတယ်။ ဒါပေမယ့် ဆရာ ဦးခင်မောင်စိုးရဲ့ စကားလုံး ဝေါဟာရ ကြွယ်ဝမှု၊ တန်ဆာဆင်မှုအပြင် ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ နောက်ဆုံး အခြေအနေနဲ့ ကိုက်ညီစွာ အချက်အလက်များ၊ အနှစ်သာရများ၊ တပ်တွင်းဖြစ်စဉ်များ ထပ်မံဖြည့်စွက်တာမို့ စိတ်ဝင်စားဖွယ် ပိုကောင်းပါတယ်။”

“ဒါဆိုရင် အစ်ကိုကြီးတို့ ၀က်ဘ်ဆိုဒ်မှာ တင်ပြနေတာ တစ်ပတ်တစ်ကြိမ်ဆိုတော့ အရမ်းနည်းတယ်။ နားထောင်ရတာနဲ့ ဖတ်ရတာ အားမရဘူး။ ဖြစ်နိုင်ရင် တစ်ပတ် နှစ်ကြိမ်လောက် DVB ရော VOA ပါ ထည့်ပေးဖို့ တောင်းဆိုပါတယ်။”

“ညီလေးတို့ တောင်းဆိုမှုကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ပင်တိုင်ဆောင်းပါးရှင်တွေရဲ့ ဆောင်းပါးတွေကို သတ်မှတ်ထားတဲ့ ရက်များအတိုင်း ၀က်ဘ်ဆိုဒ်မှာ တင်ပေးနေရတာမို့ စောင့်မျှော်ဖတ်ရူနေကြတဲ့ စာဖတ်ပရိတ်သတ်တွေကို လေးစားရပါမယ်။ တချို့ အားမလို အားမရဖြစ်လို့ အပိုင်းလိုက်ခွဲပြီး ဖော်ပြတာ မကြိုက်ကြဘဲ ညီလေးတို့လိုဘဲ မြန်မြန်တင်ပေးဖို့ တောင်းဆို ထားတာတွေလည်း ရှိပါတယ်။ တချို့ကြတော့ အလုပ်များတဲ့အချိန်မှာ အချိန်လုပြီး ဖတ်ရတာမို့ တပြုံကြီး တင်ပါက “အီ” သွားပြီး လေ့လာသုံးသပ်ချိန် မရတော့တာကြောင့် အပိုင်းလိုက် ခွဲတင်တာက ပိုမိုစိတ်ဝင်စားဖို့ ကောင်းတယ်လို့ တောင်းဆိုတာတွေလည်း ရှိနေပြန်တယ်။ တချို့ ပြည်တွင်းက ပင်တိုင်ဆောင်းပါးရှင်တွေဟာ အန္တရာယ်တောထဲမှ လည်းကောင်း၊ မီး၊ ရေ၊ ကွန်ပျူတာ၊ အင်တာနက် မပြည့်မစုံ အခြေအနေတွေကြားထဲက အချိန်လုပြီး အစ်ကိုကြီးတို့ထံ အပိုင်းလိုက် ခက်ခက်ခဲခဲ ပို့ပေးနေရတာမို့ စာဖတ်ပရိတ်သတ်များ နားလည်ပေးရန် မေတ္တာရပ်ခံလိုက်ရတာလည်း ရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် ပင်တိုင်ဆောင်းပါးရှင်တွေရဲ့ ဆောင်းပါးတွေ အဆုံးသတ်ရင် အားတဲ့ရက်တွေမှာ အဖွဲ့နဲ့ညှိနှိုင်းပြီး ထည့်နိုင်အောင် စီစဉ်ပေးပါ့မယ်။”

ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့ဝင်များနဲ့ ထပ်မံညှိနှိုင်းပြီး အပတ်စဉ် ဇယားထဲမှ အင်္ဂါနေ့ကို DVB အစီအစဉ်နဲ့ ဗုဒ္ဓဟူးနေ့ကို VOA အစီအစဉ်များအား ထည့်သွင်းတင်ပြနိုင်ရေးအပြင် ပြည်တွင်းက စာဖတ်ပရိတ်သတ်များရဲ့ တောင်းဆိုချက်အရ အခါအားလျော်စွာ DVB နဲ့ VOA အစီအစဉ်တွေကို ကျန်တဲ့နေ့တွေမှာ  အရှိန်အဟုန် မြှင့် ထည့်ပေးနိုင်ရေးအတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆက်လက်ပြီး ကျွန်တော့်ရဲ့ရင်ထဲက လိုနေတဲ့ ကွက်လပ်လေးကို ထပ်မံ ဖြည့်ဆည်းပေးလိုက်သူကတော့ VOA ဌာနမှူး ဆရာဦးသန်းလွင်ထွန်းဘဲ ဖြစ်ပါတယ်။ သူနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပုံကိုတော့ နောက်အပတ်မှာ ဆက်လက် ဖော်ပြသွားပါမယ်။


စစ်အာဏာရှင်စနစ်အောက်က တပ်မတော် - အပိုင်း (၃)
(DVB ရဲ့ ထုတ်လွှင့်မှု အစီအစဉ်)
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ထုတ်လွှင့်ဖတ်ကြားသူ - ဦးခင်မောင်စိုး

သောတရှင်များခင်ဗျား
ဒီမိုကရေစီ လိုလားတဲ့ တပ်မတော်သားများ
စစ်အာဏာရှင်များ ပြောသလို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး အမြင် (၄) ရပ် ပြည့်စုံတယ်ဆိုရင် တပ်မတော်က ထွက်ပြီး ဒီမိုကရေစီ ကျင့်စဉ်အရ ဝင်ရောက် အရွေးခံနိုင်ကြပါတယ်။ သူတို့ အရည်အချင်း ရှိတယ်ဆိုရင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်မှာ သေချာပါတယ်။ ဒါပေမယ့် အဲ့ဒီလိုလည်း သူတို့ သတ္တိ မရှိကြပါဘူး။ လွှတ်တော်မှာ (၂၅%) ယူထားပေမယ့် စိတ်မချသေးဘဲ ကြံ့ဖွတ်တွေကို အမာခံထားပြီး ပါတီ (၃) ပါတီ အရွေးခံဖို့ ပြင်ဆင်နေကြပါတယ်။ လွှတ်တော်မှာ စစ်တပ်ကို အမာခံပြုပြီး အာဏာကို အလွယ်တကူ ချုပ်ကိုင်ပြီး လူမိုက်လုပ်နေခြင်းဘဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ ပြည်သူလူထု အခွန်အခများနဲ့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး စတဲ့ အခွင့်အရေးတွေ ခံစားနေရတဲ့ ပြည်သူ့ ဝန်ထမ်းများသာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအပေါ် ပိုပြီး သစ္စာရှိရပါမယ်။ ပြည်သူလူထုရဲ့ အစေအပါးသာ ဖြစ်ရပါမယ်။ ဒါကြောင့် တပ်မတော်သားတွေဟာ ပြည်သူလူထုရဲ့ အမိန့်ကို နာခံရပါမယ်။

တကယ်တော့ ဒီမိုကရေစီဆိုတာ လုပ်ထုံးလုပ်နည်းတစ်ခုသာ ဖြစ်ပါတယ်။ ပြည်သူလူထုအာဏာ သက်ရောက်တဲ့ ကျင့်စဉ်သာဖြစ်ပါတယ်။ လူသားတွေဟာ မြေရှင်ပဒေသရာဇ်ခေတ်၊ သက်ဦးဆံပိုင်ခေတ်၊ ကျေးပိုင်း၊ ကျွန်ပိုင်ခေတ် စတဲ့ ခေတ်တွေကို ဖြတ်သန်းပြီး လူလူချင်း အနှိမ်ခံ၊ အဖိနှိပ်ခံဘဝကနေ ပြည်သူလူထုကိုယ်တိုင် အာဏာရှိစေတဲ့ ပြည်သူ့အာဏာ သက်ရောက်စေတဲ့ ဒီမိုကရေစီကျင့်စဉ်ကို ကြိုးစားဖန်တီး တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူအာဏာသက်ရောက်စေတဲ့ စနစ်တစ်ခုကို ဘယ်နိုင်ငံကဖြစ်စေ ကျင့်သုံးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကျင့်စဉ် မကျင့်သုံးနိုင်လို့သာ သေဆို သေ ရှင်ဆို ရှင် ရတဲ့ အာဏာရှင် စနစ်ဆိုး ရှိနေခြင်း ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ လက်နက်ကိုင် အာဏာရှင်တစ်စုရှိနေလို့ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းရခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ မြန်မာ့ပြည်သူလူထု၊ မြန်မာ့တပ်မတော်အားလုံးအတွက် ဒီမိုကရေစီစနစ်က အလွန် လိုအပ်နေပါတယ်။ သက်ဦးဆံပိုင် အာဏာရှင် စနစ်ရှိနေသ၍ မြန်မာပြည်သူလူထုနဲ့ တပ်မတော်ဟာ ပိုပြီး ပိုပြီး နှိမ့်ကျ ဆင်းရဲ စုတ်ပြတ်နေမှာ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ထွန်းကားနေအုံးမယ် ဆိုရင်တော့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေ၊ လူထုတော်လှန်အုံကြွမှုတွေ၊ လက်နက်ကိုင် တော်လှန်ရေးတွေလည်း ဆက်လက်ရှိနေအုံးမှာ ဖြစ်ပါတယ်။ အာဏာရှင်တွေကလည်း သူတို့ အာဏာတည်မြဲဖို့အတွက် စစ်တပ်ကို အသုံးချပြီး ပြည်သူလူထုကို ပစ်ခတ် သတ်ဖြတ်ခိုင်နေအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်နဲ့ ပြည်သူကလည်း စိတ်ဝမ်းကွဲနေအုံးမှာပါ။ ကိုယ့်တိုင်းရင်းသား ညီကိုအချင်းချင်းလည်း တိုက်ခိုက် သတ်ဖြတ်နေကြရအုံးမှာပါ။ ဒီလို ပြဿနာဆိုးတွေ အားလုံး ပြေလည်ဖို့ကတော့ စစ်အာဏာရှင်ကို ဖယ်ရှားနိုင်မှ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ဒီမိုကရေစီရရှိရေးသမိုင်း၊ ပြည်သူ့အာဏာ ပြည်သူကို ပြန်လည် အပ်နှင်းရေးသမိုင်းမှာ တပ်မတော်ဟာ ပြည်သူလူထုနဲ့ ပူးပေါင်းလက်တွဲသင့်ပါတယ်။ အာဏာရှင်စနစ်ကို ကာကွယ်နေတဲ့၊ အာဏာရှင်ကို ဦးထိပ်ပန်နေတဲ့ တပ်မတော် မဖြစ်သင့်တော့ပါဘူး။ ပြောရမယ်ဆိုရင် တပ်မတော်ဟာ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ကြောက်နေဖို့ မသင့်လျော်ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ ကြောက်လန့်စရာ စကားလုံး၊ အဓိပ္ပါယ်မဲ့တဲ့ အနှစ်သာရ မရှိတဲ့ စကားလုံး မဟုတ်ပါဘူး။ ဒီမိုကရေစီမှာ အဓိပ္ပါယ် အနှစ်သာရ အပြည့်အဝ ရှိပါတယ်။

ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုက အရှင်သခင်ဖြစ်ပါတယ်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းက သက်ဦးဆံပိုင်စနစ်၊ ကျေးကျွန်စနစ်ကို ဖယ်ရှားပေးပါတယ်။ ဒီမိုကရေစီစနစ်မှာ အာဏာရှင်မရှိသလို လက်နက်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မခိုင်းစေမယ့်အဖွဲ့မျိုးလည်း မရှိပါဘူး။ ရဲနဲ့ စစ်သားကို မြင်နေရလို့ ကြောက်ရွံ့နေရတာမျိုးလည်း မရှိပါဘူး။ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ အရံမီးသက်လို အဖွဲ့အစည်းမျိုးတွေကို ကြောက်နေရတာမျိုးလည်း မရှိပါဘူး။ ဥပဒေမဲ့ ဧည့်စာရင်းစစ်တာမျိုး၊ ခြင်ထောင် အလှန်ခံရတာမျိုးလည်း မရှိပါဘူး။ တရားဥပဒေ စိုးမိုးမှု အပြည့်အဝရှိပြီး လူတိုင်းက တရားဥပဒေကို လေးစားလိုက်နာရပါလိမ့်မယ်။ ဒီမိုကရေစီစနစ်မှာ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး။

ဒါ့ကြောင့် ဒီမိုကရေစီစနစ်မှာ သမ္မတကလည်း တရားစွဲဆိုခံရနိုင်ပါတယ်။ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်ရင် ပြည်သူလူထုက လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ပါတယ်။ ဖယ်ရှားပစ်နိုင်ပါတယ်။ ပြည်သူလူထုဟာ ဥပဒေဘောင်အတွင်းမှာ လွတ်လပ်စွာ ရေးသားခြင်း၊ ပြောဆိုခြင်း၊ တွေးခေါ်ခြင်း၊ ဆန္ဒပြခြင်း စတာတွေကို အပြည့်အဝ လုပ်နိုင်ပါတယ်။ မတရား ဖမ်းဆီးပစ်ခတ် သတ်ဖြတ်တာတွေ မတရား ကန့်သက်ချုပ်ချယ် တားမြစ်တာတွေ ပြုလုပ်လို့ မရပါဘူး။ ဒီမိုကရေစီစနစ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်သူလူထုကြီးက ရေးဆွဲပြီး ပြည်သူလူထုကြီးကဘဲ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်မယ့် သူများကိုလည်း ပြည်သူလူထုကြီးက လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ပေးမှာ ဖြစ်ပါတယ်။

သောတရှင်များခင်ဗျား

အကျဉ်းချုံးပြီး တင်ပြရမယ်ဆိုရင် ဒီမိုကရေစီစနစ်ဆိုတာ ယနေ့ မြန်မာနိုင်ငံ စစ်အာဏာရှင် အုပ်ချုပ်ပုံနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း တိုးတတ်ဖွဲ့ဖြိုးပြီး လွတ်လပ်မှု အပြည့်အဝရှိတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ဒီမိုကရေစီဝါဒ ထွန်းကားရတာပါ။ ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံရဲ့ စနစ်သက်သက် မဟုတ်ဘဲ လူသားအားလုံးအတွက် စနစ်ဖြစ်ပြီး လူသားအားလုံးရဲ့ စနစ်လည်း ဖြစ်ရပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ အာဏာရှင်များကတော့ ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံထွင်ထားတဲ့ စနစ်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် မသင့်လျော်ဘူးဆိုတာမျိုးတွေ ဝါဒဖြန့်နေပါတယ်။ ဒါနဲ့ ပတ်သက်ရင် ဥပမာတစ်ခု ပြောချင်ပါတယ်။ မြန်မာနိုင်ငံဟာ ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ တိုင်းပြည်လို့ ဆိုရာမှာ ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံမှ စတင်ခဲ့တာ မဟုတ်ပါဘူး။ အိန္ဒိယမှာ စတင် ထွန်းကားခဲ့တာပါ။ အိန္ဒိယမှာ စတင်ခဲ့ပေမယ့် မြန်မာနိုင်ငံသားတွေအတွက်လည်း ကောင်းကျိုးချမ်းသာဖြစ်စေတဲ့အတွက် ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံသားတွေ လက်ခံကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။  ဗုဒ္ဓဘာသာကို အိန္ဒိယနိုင်ငံဖြစ်၊ တခြားနိုင်ငံဖြစ်ဆိုပြီး မငြင်းဆန်ခဲ့ကြပါဘူး။ ဒါကြောင့် ဘယ်လိုဝါဒ၊ ဘယ်လိုစနစ်မျိုးမဆို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အကျိုးရှိရင် လက်ခံ ကျင့်သုံးရပါလိမ့်မယ်။

နအဖ စစ်အစိုးရဟာ အမှန်တကယ် စိတ်ထားမှန်းပြီး စေတနာ အပြည့်အဝရှိရင် ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်ကို နှစ်ပေါင်း (၂၀) လောက် လေးကျင့်ပြုစု ပျိုးထောင် ပေးခဲ့ရပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာတော့ တပ်မတော်ကို ကြိုးကိုင်ထားတဲ့ စစ်အာဏာရှင်များဟာ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးဖို့ဘဲ ကျိုးစားခဲ့ကြပါတယ်။ ဒီမိုကရေစီစနစ်ကို နာမည်ဖျက်ဖို့ဘဲ ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် နအဖ စစ်အစိုးရ အုပ်စိုးတဲ့ အနှစ် (၂၀) အတွင်းမှာ မြန်မာနိုင်ငံဟာ အလွန်ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ ဒါကို တပ်မတော်သားတွေလည်း နားလည် သဘော ပေါက်သင့်ပါပြီ။ ဒါကို သဘောမပေါက်ဘဲ စစ်အာဏာရှင်တွေ သွေးထိုးထားတဲ့အတိုင်း ဒီမိုကရေစီစနစ်ကို မုန်းတီးကြောက်ရွံ့ နေအုံးမယ်ဆိုရင်တော့ သက်ဦးဆံပိုင်ခေတ်၊ ပဒေသရာဇ်ခေတ်၊ ကျေးပိုင် ကျွန်ပိုင်ခေတ်၊ ဖက်ဆစ်ခေတ်များကို ပြန်လည်ရောက်ရှိ ဒုက္ခခံရအုံးမှာ ဖြစ်ပါတယ်ခင်ဗျာ။
photayokeking.org

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1