Monday, July 30, 2012

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ – အပိုင်း(၆)

Ever November | 7/30/2012 11:02:00 PM | Best Blogger Tips
ပန်ချာဘီ ကုလားကို ဖားနေရှာတဲ့ ဗိုလ်အောင်ထွေး

၂၀၀၈ ခုနှစ်မှာ ထူးခြားစွာ တပ်တွင်းအပြောင်းအလဲ ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီး အောင်ထွေး၊ ခင်မောင်သန်း၊ ရဲမြင့်၊ မောင်ဘို၊ ကျော်ဝင်းတို့ (၅) ဦးဟာ စစ်တပ်ထိပ်ပိုင်းကို ရောက်ခါနီးကျမှ ထောင့်ကပ်သွားပြီးတော့ ၄င်းမှတဆင့် ဖယ်ရှားခံလိုက်ရပြီ ဖြစ်ပါတယ်။ ဗိုလ်အောင်ထွေးဟာ OTS ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (29) ကျောင်းဆင်း စီနီယာ ဖြစ်ပါတယ်။ ဗိုလ်မောင်ဘို၊ ဗိုလ်ရဲမြင့်၊ ဗိုလ်ခင်မောင်သန်း၊ ဗိုလ်ကျော်ဝင်း တို့ဟာ OTS (30,31) ကျောင်းဆင်းတွေ ဖြစ်ကြပေမဲ့ တက္ကသိုလ်ကျောင်းသားဘ၀က တစ်နှစ်ထဲ ကျောင်းပြီးသူများ ဖြစ်ကြလို့ သိပ်မကွာကြဘဲ OTS ကျောင်းဆင်းတဲ့အခါမှာလည်း ရှေ့ဆင့် နောက်ဆင့် တစ်နှစ်ထဲ ကျောင်းဆင်းသူများ ဖြစ်ခဲ့ကြပါတယ်။

တိုင်းမှူး ဖြစ်ကြတော့လည်း အတူတူ ဖြစ်တာမို့ သူတို့ဟာ “ညီ” ပြီး တိုင်း (၅) တိုင်း လှုပ်ရင်တောင် နိုင်ငံတော် အာဏာကို ကိုင်လှုပ်နိုင်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ ဒါကို ရိပ်မိတဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ခင်ညွှန့်တို့ဟာ သူတို့ကို မျက်နှာသာ မပေးဘဲ အမှားကို စောင့်ကြည့်ခဲ့ကြသလို ဒါကို သိနေတဲ့ သူတို့ (၅) ဦးကလည်း တပ်ချုပ်ထံ ၀င်ထွက်နီးစပ်မှုရရှိရန် အစွမ်းကုန် ကြိုးစားကြပြီး တပ်ချုပ်ရဲ့ လူယုံတော်များ ဖြစ်ကြောင်းနဲ့ တပ်ချုပ်မှ လွဲလို့ ကျန်တဲ့သူဆိုရင် ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုး လုပ်လာတဲ့ ဖြစ်စဉ်တွေကို စဉ်ဆက်မပြတ် တင်ပြသွားပါမယ်။

ဒီအပိုင်းတော့ အနားပေးလိုက်တဲ့ ဗိုလ်အောင်ထွေးနဲ့ ဗိုလ်ကျော်ဝင်း အကြောင်းတွေကို ကျွန်တော် ကိုဖိုးတရုတ်မှ ဆက်လက်တင်ပြပါအုံးမယ်။

ဗိုလ်အောင်ထွေးဟာ တပ်မ (၅၅) တပ်မမှူးဖြစ်ကတည်းက အခြား တပ်မမှူးတွေနဲ့ မတူဘဲ တပ်မမှူး ဘ၀မှာ အချိန် ကြာမြင့်အောင်နေရပြီးမှ နပခတိုင်းမှူး ဖြစ်လာ ရပါတယ်။ အဲဒီနောက် သူ့ကို ကစထမှူး မဖြစ်သာလို့ ပေးခဲ့ရပေမဲ့ အာဏာရှင်တွေက သိပ်မကြိုက်လှတာမို့ ကစထမှူး ဘ၀တောင် ကြာကြာမထားဘဲ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် (လကခ) ဒု ဗိုလ်ချုပ်ကြီး ကျော်ဝင်းနဲ့ ထပ်မံ ချိန်း ပြီးပြောင်းရွှေ့တာခံရပါတယ်။

အဲဒီ (လကခ) ချုပ် ဗိုလ်ကျော်ဝင်းကျတော့ ထောက်လှမ်းရေးနဲ့ အဆင်မပြေခဲ့ပေမဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့  နှိပ်ကွပ်မှု မခံခဲ့ရတာကို ဆက်လက် တင်ပြပါမယ်။ ဗိုလ်ကျော်ဝင်း ကျိုင်းတုံ ဒကစမှူးဘ၀ တုန်းက မြန်မာ - ထိုင်းနယ်စပ် ကော်မတီ အစည်းအဝေးရှိလို့ နယ်စပ်တိုင်းမှူးတွေ နှင့်အတူ ဘန်ကောက်ကို သွားဖို့ အစီအစဉ်ရှိခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကို ယောင်္ကျားတွေသာ တက်ရောက်ဖို့ ဖိတ်ကြားခံရပြီး (မိန်းမ/ဇနီး) တွေ မပါကြောင်း သိရပါတယ်။အဲဒီအခါမှာ ဗိုလ်ကျော်ဝင်းက သူ့ရဲ့ ဇနီးကို ထိုင်းနိုင်ငံမှာ သူနဲ့ဆုံတွေ့ကာ တရားမ၀င် လည်ပတ်ဖို့ စီစဉ်ခဲ့ပါတယ်။ သူ့ရဲ့ ဇနီးကို ကျိုင်းတုံ – တာချီလိတ်၊ မယ်ဆိုင် – ဘန်ကောက် ခရီးစဉ် ကုန်းလမ်းအတိုင်း ကားဖြင့် ထိုင်းသူဋ္ဌေးတွေနဲ့ ချိတ်ပြီး ဘန်ကောက်ကို ခေါ်ခိုင်းကာ သူနဲ့ ဆုံမဲ့ အစီအစဉ် ရေးဆွဲခဲ့ပါတယ်။
 ဗိုလ်မြင့်ဆွေနဲ့ အတူ ရင်ဘောင်တန်း ရပ်နေတဲ့ ဗလပွနဲ့ ဗိုလ်ကျော်ဝင်း
တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား ရောက်တော့ “သေနတ်နဲ့ ပစ်ရင် မလွဲထိမဲ့” သူ့ဇနီးကို ထီးထီးကြီး မြင်နေရတာမို့ “ထလတ” က တပ်မှူး ဗိုလ်မှူးသက်ထွဋ်ဟာ ကက (လှမ်း) မှ တဆင့် ကက (ကြည်း) ကို လှမ်းပြီး Report ဖြင့် လျှို့ ဝှက်စွာ သတင်းပို့ခဲ့ပါတယ်။ အဲဒီတုန်းက ကက (ကြည်း) စစ်ဦးစီး ဗိုလ်မှူးကြီး (Col G.S) (စစ်ဆင်ရေး) ဗိုလ်သိန်းစိန်က ဖုန်းဖြင့် တာချီလိတ် တပ်ရင်းမှူးထံ ဆက်သွယ်ကာ ထိုင်းနိုင်ငံထဲကို ရောက်နေပြီ ဖြစ်တဲ့ ဗိုလ်ကျော်ဝင်းရဲ့  ဇနီးအား ပြန်ခေါ် ခိုင်းပါတော့တယ်။

ဒါဟာ ထောက်လှမ်းရေး လက်ချက်ဖြစ်မှန်းသိတာမို့ ဗိုလ်ကျော်ဝင်းခမျာ ဒေါသူပုန်ထကာ လေဆိပ်မှ သူပြန်လာပါက ထလတ တပ်မှူး ဗိုလ်မှူးသက်ထွဋ် အနေနဲ့သူ့ကိုကြိုဖို့ မလိုကြောင်း၊ ဗိုလ်မှူးသက်ထွဋ် မျက်နှာကို မမြင်ချင်ကြောင်း ပြောခဲ့ပါတယ်။ ဗိုလ်မှူး သက်ထွဋ်ကလည်း လူပျိုကြီး စာအုပ်သမား ပီပီ သူ့အတွက် ခွဲတမ်းရထားတဲ့ အဖိုးတန် တာချီလိတ်မြို့ပေါ်က မြေကွက်ကို ဒကစမှူး ဗိုလ်ကျော်ဝင်းထံ ပြန်လည် အပ်နှံခဲ့တဲ့ အကြောင်းတင်ပြလိုက်ရပါတယ်။

ကစထမှူး မဖြစ်ခင် ဗိုလ်ကျော်ဝင်းဟာ ထောက်လှမ်းရေးနှင့် အဆင်မပြေ ဖြစ်ခဲ့ပုံတွေကို ဒီကနေ့ ကျွန်တော် ကိုဖိုးတရုတ်က ဆက်လက် တင်ပြသွားပါမယ်။ ဗိုလ်ကျော်ဝင်းတို့ရဲ့  အခြေစိုက်ရာ ကျိုင်းတုံမှာ ရှိတဲ့ ထောက်လှမ်းရေး တပ်မှူး ဗိုလ်မှူး စိုင်းအောင်သိန်းရဲ့ တပည့် တပ်ကြပ် တစ်ဦးဟာ မူးယစ်ပြီးတော့ “မင်းတို့ရဲ့ ဗိုလ်ချုပ်ကို ငါတို့ ထောက်လှမ်းရေးတွေက ဖြုတ်ပစ်လို့ ရတယ်” လို့ ဒကစရုံး ၀င်းအ၀မှာ ကြိမ်းမောင်းတဲ့အတွက် ဗိုလ်ကျော်ဝင်းက နှိပ်ကွပ်ကာ ထောင်ချခဲ့ပါတယ်။

တဖန် ဗိုလ်ကျော်ဝင်းဟာ တာချီလိတ်မြို့က နာမည်ကြီး ၁၂ ရာသီ စားသောက်ဆိုင်မှာ အဆိုတော် ကောင်မလေးတွေကို ပန်းကုံးစွပ် နှာခေါင်းမီးတောက် သောင်းကျန်းနေတုံး ဘိန်းဘုရင် ခွန်ဆာရဲ့  MTA တပ်ဖွဲ့ဝင်တွေဟာ တိတ်တဆိတ် မြို့ ထဲဝင်နေတာကို မသိလိုက်ဘဲ ဖြစ်နေပါတယ်။ ဗိုလ်ကျော်ဝင်းဟာ သူ့ရဲ့ ကံဇာတာ အနည်းငယ် ရှိနေသေးတာမို့ သန်းခေါင်ကျော်ချိန်မှာတော့ ဒကစ ရှေ့တန်းရုံးရှိရာ တပ်ကုန်းသို့ ပြန်တက်လိုက်မိလို့ လက်မတင်လေး ရန်သူ့လက်မှ လွတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ကျော်ဝင်းနဲ့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တချို့ ယှဉ်တွဲ ထိုင်နေပုံ
နောက်နေ့ နံနက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားပြီး MTA ခွန်ဆာက တာချီလိတ်မြို့ကို တိုက်ရတဲ့အတွက် စစ်ရေး အမြတ်ထုတ် အကျိုးရရှိသွားပေမဲ့ ဒကစမှူး ဗိုလ်ကျော်ဝင်းခမျာမှာတော့ ကက (ကြည်း) ရဲ့ ထုထောင်းတာ ခံလိုက်ရပါတယ်။

ဒီဖြစ်စဉ်မှာ ထောက်လှမ်းရေးတပ်တွေရဲ့ ရန်သူ့သတင်း ပေးပို့ရန် ပျက်ကွက်တာဖြစ်လို့ ဗိုလ်ကျော်ဝင်းက ထောက်လှမ်းရေးကို အမြင် မကြည်လင်မှု ပိုမို ပြင်းထန်လာပါတယ်။ ဗိုလ်ကျော်ဝင်းဟာ တာချီလိတ်က ရှမ်းမတစ်ဦးနဲ့ ဖောက်ပြားခဲ့သလို စကခ (၁၂) တပ်မမှူးမှ မပခ တိုင်းမှူး ဖြစ်လာတုန်းမှာလည်း ရန်ကုန်က Model Girl တဦးနဲ့ ရှုပ်ထွေးခဲ့ပါတယ်။

အဲဒီ Model Girl လေးကို စစ်ဝတ်စုံ ယောင်္ကျားလေးလို ၀တ်ခိုင်းပြီး မပခ ဌာနချုပ်ထဲ သွင်းကာ ရုံးခန်းအတွင်း ရှုပ်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ကျော်ဝင်းဟာ ရှုးစီးတဲ့ ဗိုလ်ချုပ်တွေလို မဟုတ်ဘဲ လေးလံလှတဲ့ စစ်ရေးပြ ဖိနပ်နက်ကြီး (Combat Foot) ကို စတန့်ထွင် စီးနေသူ ဖြစ်တာမို့ တချို့ တိုင်းမှူးတွေလို ကစထမှူး အရင်မဖြစ်ဘဲ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်သို့ ရာထူးတိုးမြှင့်ခံရသူ ဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ် ခင်ဗျား။
ဆောင်းပါးရှင်-စစ်ဖက်နီးစပ်သူတစ်ဦး
photayokeking.org 
ပြန်ဖတ်ရန်..


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1