Monday, July 30, 2012

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း (၂)

Ever November | 7/30/2012 12:16:00 PM | Best Blogger Tips
ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်းပုံ

ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ သူ့ကိုထားမဲ့ အကျယ်ချုပ်အိမ်ကို စတင်ခေါ်ဆောင်လာတဲ့ နေ့မှာဘဲ သူ့ရဲ့ ယူနီဖောင်းအား လဲလှယ်ဖို့ ကက(ကြည်း)ကအမိန့်ပေးမှုကိုမခံနိုင်ဘဲအမြင့်မှရုတ်တရက် ပြုတ်ကျလာသူရဲ့ စိတ်ထိခိုက် ပေါက်ကွဲမှုနဲ့အတူ ငြင်းဆန်ခဲ့လို့ ညစဉ်သူအိပ်တိုင်း အနီးကပ် စောင့်ကြည့်ဖို့ ထားရတဲ့ အာဏာပါးကွက်သား လူကြမ်း(၂) ဦးနဲ့ နှစ်ပါးသွားရပုံဟာဖြင့် သံဝေဂ ရစရာ ကောင်းလှပါတယ်။

အင်းလျားကန်ကြီးဟာ မြန်မာနိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို သက်သေ ထူနေပါတယ်။ ကိုလိုနီခေတ်မှာ ဂဠုန်ဦးစောဟာ ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီးမှ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့လို့ မြန်မာ့သမိုင်းမှာ အရုပ်ဆိုးစေတဲ့ အဲဒီဖြစ်ရပ်ကို အင်းလျားကန်ကြီးက သိနေခဲ့တဲ့ အကြောင်း ပထမဦးစွာ တင်ပြချင်ပါတယ်။
အဲဒီတုန်းက အင်းလျားကန်စောင်း နံဘေးမှာ ဂဠုန်ဦးစောနဲ့ နောက်ပါ လက်ပါးစေများဟာ အရက်သေစာ သောက်စားပျော်ရွှင် မြူးတူးခဲ့ကြပြီး လက်နက်ခဲယမ်း သေတ္တာတွေကို အင်းလျားကန် အတွင်း မြုပ်နှံခဲ့ကြတာ ဖြစ်ပါတယ်။ ဂဠုန်ဦးစောသမီး အိမ်မှန်းမသိဘဲ ကား အရောင်းအ၀ယ် ကိစ္စနဲ့ ရောက်သွားသူ တစ်ဦးဟာ အဲဒီအိမ်မှာ ချိတ်ထားတဲ့ ဦးစော ဓာတ်ပုံကြီးကို ရုတ်တရက် မြင်လိုက်ရချိန်က ဦးစောမှန်း မသိသေးဘဲ ကျက်သရေမရှိ ယုတ်မာ ကောက်ကျစ်တဲ့ မျက်နှာလို့ မှတ်ချက် ပြုခဲ့ဖူးပါတယ်။ နောက်ပိုင်း ဦးစောမှန်း သိပြီးနောက် အဲဒီအိမ်နဲ့ မပတ်သက်တော့ဘဲ ဝေးဝေးက ရှောင်ပါတော့တယ်။ ဂဠုန်ဦးစောရဲ့ သားစဉ် မြေးဆက် တလျှောက်ဟာ ရောက်လေရာ နေရာတိုင်းမှာ မြန်မာပြည်သူတွေက ရှုတ်ချ အပယ်ခံတဲ့ဘ၀ ရောက်ခဲ့ရပါတယ်။

ပြည်သူလေးစား ချစ်ခင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သတ်တဲ့ ဂဠုန်ဦးစောကို ရှုတ်ချ သေဒါဏ်ပေးအပ်ခဲ့သလို ပြည်သူလေးစား ချစ်ခင်တဲ့ ဗိုလ်ချုပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ကို သတ်သလို နှစ်ရှည် နေအိမ် အကျယ်ချုပ် ချထားတဲ့ ဘီလူးသန်းရွှေကိုလည်း ရှုတ်ချ သေဒါဏ်ပေးဖို့ သင့်ပါတယ်။ အင်းလျားကန် စောင်းနံဘေးမှာ ရှိတဲ့ ဒေါ်ဝါ၀ါဝင်းရွှေရဲ့ ဟိုတယ်မှာ အာဏာရှင်တွေ အားကိုးနဲ့ ဒုစရိုက်ပေါင်းစုံ ဖွင့်ခွင့်ပြုခဲ့ရာ လွတ်မြောက်နယ်မြေ ဖြစ်နေပြီး အာဏာရှင်တွေကိုယ်တိုင် ဟိုတယ်မယ်လေးတွေနဲ့ ပျော်ပါးရာ နေရာလေး ဖြစ်နေပါတယ်။ ဒါ့အပြင် ကိုတေဇရဲ့ အဖား ကောင်းမှုကြောင့် ဗိုလ်သန်းရွှေရဲ့ မြေးလေး မူယစ်ဆေးစွဲတဲ့အခါကျမှ အာဏာရှင် ဗိုလ်သန်းရွှေလည်း မျက်ဖြူဆိုက်ရတဲ့ဘ၀ ဆိုက်ရောက်ခဲ့တဲ့ အထိ ဖြစ်ခဲ့ပါတော့တယ်။

မဆလခေတ်က အင်းလျားကန်စောင်း အင်းလျားကန် ဟိုတယ်မှာ ဦးနေ၀င်းရဲ့ သမီးတွေဟာ Night Club “ပွတ်သဘင်” ပွဲ သံတမန်တွေနဲ့ ပျော်ရွှင်စွာ ဆင်နွှဲမြူးတူးခဲ့လို့ ဦးနေ၀င်း ဒေါသူပုန်ထ သွားရောက် ကြမ်းရမ်းခဲ့ရာမှ သံတမန်တွေနဲ့ တီးဝိုင်းသမားများ ပြေးသူပြေး ပုန်းသူပုန်း ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့ရတဲ့ ဖြစ်စဉ် တွေကိုလည်း အင်းလျားကန်ကြီးက သိရှိပြီး ပုံရိပ်ထင်ခဲ့ပါတယ်။ ဒေါ်ခင်စန္ဒာဝင်း ဟာ သူမ စီးလာတဲ့ ကားနဲ့ ရဲချုပ် စံသိန်းရဲ့ သမီး စီးလာတဲ့ကား ရုတ်တရက် တိုက်ခံရစဉ်မှာ ဒေါ်ခင်စန္ဒာဝင်း က “ကိုခင်ညွှန့် ကြည့်လုပ်ပေးပါဦး” ဆိုပြီး တိုင်တဲ့အပြင် ဦးနေ၀င်းက “ခင်ညွှန့် ငါမသေ သေးဘူး” လို့ ငေါက်ငမ်းတဲ့အတွက် ရဲချုပ် စံသိန်းခမျာ စပိန် သံအမတ်ကြီးအဖြစ် နှင်ထုတ်ခြင်းကို ခံလိုက်ရပါတယ်။

ဒီဖြစ်စဉ်ကို သိနေတဲ့ နောက်တက်လာတဲ့ ရဲချုပ် ဗိုလ်မှူးကြီး စိုးဝင်းဟာ ဦးနေ၀င်း မြေးတွေကို အစွမ်းကုန် “ဖား” ပြီး အကာအကွယ် ပေးတာမို့ ဦးနေ၀င်း မြေးတွေကလည်း ရဲတွေအတွက် ၀တ်စုံချုပ်ပေး ငွေကြေးအင်အား ပံ့ပိုးထားကြလို့ ရန်ကုန်မြို့မှာ တရားဥပဒေမဲ့ ကြမ်းချင်တိုင်း ကြမ်း၊ ရမ်းချင်တိုင်း ရမ်း သောင်းကျန်း ကြတာကြောင့် သူတို့စီးလာတဲ့ ကားဆိုရင် ဝေးဝေး ရှောင်ကြရပါတယ်။ အဲဒီနောက် ဦးနေ၀င်း ဇာတ်သိမ်းတဲ့ အချိန်မှာ ဗိုလ်မှူးကြီး စိုးဝင်းကို တန်းဖြုတ်ခဲ့ပါတော့တယ်။ အလားတူ သနက (၄) တပ်ရင်းဟာ ဦးနေ၀င်းရဲ့ အနီးကပ် လုံခြုံရေး တာဝန်ယူရတဲ့ တပ်ရင်း ဖြစ်ပါတယ်။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်မြင့်ဟာ ဦးနေ၀င်း အရှိန်အ၀ါ သုံးကာ တိုင်းစစ်ဌာနချုပ် အစည်းအဝေး တွေမှာတောင် အဖေကြီး (ဦးနေ၀င်း) နေမကောင်းလို့ အကြောင်းပြကာ မထီမဲ့မြင် လုပ်တဲ့ အခြေအနေ ရှိပါတယ်။ အဲဒီတပ်ရင်းက စစ်သည်တွေနဲ့ ပြဿနာဖြစ်တိုင်း၊ ဖြစ်တဲ့သူဟာ ဘယ်လောက်မှန်မှန် အရှုံးနဲ့ ရင်ဆိုင်ရစမြဲမို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တပ်ချင်း တူတာတောင် သနက (၄) တပ်ရင်းအနေနဲ့ အခွင့်ထူးခံ ရရှိသူများ ဖြစ်နေကြပါတယ်။

ဦးနေ၀င်း မြေးတွေကို အာဏာသိမ်းရန် ကြံစည်မှုအတွက် အရေးယူတာ မဖြစ်ပွား ခင်လေးမှာ ဦးနေ၀င်း မြေးတွေရဲ့  မြှောက်စားမှုကြောင့် အဲဒီ စစ်သည်တွေကို အကောင်းစား စစ်ဝတ်စုံများ ချုပ်ပေးပြီး ငပလီ မှာတောင် အပန်းဖြေခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဦးနေ၀င်းနဲ့ မြေးတွေကို အရေးယူလိုက်တဲ့အခါမှာ သနက (၄) တပ်ရင်း တစ်ရင်းလုံးကို တပ်မ (၁၁) ရဲမွန်သို့ မိန်းမ၊ ကလေးတွေပါမကျန်အောင် အချုပ်ကားများနဲ့ ပို့လိုက်ပြီး စစ်ကြောရေး အထပ်ထပ် ၀င်ကာ ထောင်ချသူ ချ၊ ကျန်သူများကို ကျောက်တန်းရှိ လွင်တီးခေါင် နယ်မြေသို့ တိရိစ္ဆာန်များသဖွယ် နှင်ထုတ်ခဲ့ပါတယ်။

သူမကို မလိုမုန်းထား ပြိုင်ဘက်အဖြစ် သတ်မှတ်နေတဲ့ ဦးနေ၀င်းရဲ့ သမီး ဒေါ်ခင်စန္ဒာဝင်း ဟာ မနာလို မရှုစိတ် ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို “သတ္တိရှိရင် သေနတ်ချင်း ပြိုင်ပစ်မလား” လို့တောင် စိန်ခေါ်ခဲ့ဖူးပါတယ်။ ဒေါ်ခင်စန္ဒာဝင်းဟာ ဦးနေ၀င်းကို နောက်ကွယ်က ကြိုးကိုင်နေသူဖြစ်ပြီး သူ့သားတွေရဲ့  အာဏာသိမ်းရေး စီမံချက်ကို ဖန်တီး ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အဓိက အကြောင်းရင်း နောက်တချက်က ဒေါ်ခင်စန္ဒာဝင်းဟာ ဗိုလ်ခင်ညွှန့်အပေါ် သြဇာ လွမ်းမိုးနေပြီး သူမသားတွေရဲ့ ဆက်သွယ်ရေး ဂြိုလ်တု ဖုန်းကိစ္စကို န၀တက မလိုက်လျောခဲ့လို့ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

သူမသားတွေဟာ တယ်လီဖုန်း ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူလူထု ထံက ဖုန်းတစ်လုံးကို ကျပ်ငွေ (၅) သိန်း ကြိုတင်ကောက်ခံထားရာ ထိုငွေများကို ပြန်အမ်း ပေးရန်နဲ့ လုပ်ပိုင်ခွင့်ကို န၀တက ရုတ်သိမ်းလိုက်ရာက စတင်ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးနဲ့ ကြေးနန်းစာ တိုက်ဝန်ကြီး ဗိုလ်မှူးချုပ် ၀င်းတင် ကိုလည်း န၀တက ဖြုတ်ပစ်လိုက်ပါတယ်။

ဦးနေ၀င်း သေဆုံးတဲ့အခါမှာ အလောင်းကို မီးရှို့ပစ်ပြီး ရက်မဆိုင်းစေဘဲ ရေထဲကို မျှောချ ခိုင်းလိုက် တာကလည်း တရားကျစရာ ကောင်းလှပါတော့တယ်။ အာဏာရှင်တွေရဲ့ ဇာတ်သိမ်းပုံကို သတိသံဝေဂ ယူပြီး တပ်မတော်သားများ အနေနဲ့ မတရားတဲ့ အမိန့်နဲ့ ဖောက်ပြန် နေကြတဲ့ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ ဆက်လက်ရပ်တည် နေကြမယ်ဆိုရင် သမိုင်း ဒါဏ်ခတ် ခံရကာ “ရဲဘော်သေ၊ သေသော်ငရဲလား” မည် ဖြစ်ကြောင်း ဆင်ခြင်သုံးသပ်နိုင်ရန် စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ တင်ပြလာပါတယ်။
ဆောင်းပါးရှင် - ပြည်တွင်းမှ စစ်ဘက်နီးစပ်သူများ
photayokeking.org
သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း (၁)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1