Monday, July 30, 2012

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ – အပိုင်း(၅)

Ever November | 7/30/2012 10:30:00 PM | Best Blogger Tips

ဗိုလ်ခင်ညွှန့်ရဲ့ လက်အောက်ခံ တပည့်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် သန်းထွန်းဟာ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး တန်ပြန် ထောက်လှမ်းရေးဌာနကြီးမှူး တယောက်ဖြစ်ခဲ့ပါတယ်။ တန်ပြန် ထောက်လှမ်းရေးဆိုတဲ့အတိုင်း နိုင်ငံရေးပါတီတွေနဲ့ UG (Under Ground) များကို ထောက်လှမ်း ဖေါ်ထုတ်ရတဲ့ တာဝန်မို့ အရေးကြီးတဲ့ ဌာနဖြစ်သလို သြဇာအာဏာ ထက်မြက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အထူးသဖြင့် ဗိုလ်သန်းထွန်းဟာ ဗိုလ်ခင်ညွှန့်ရဲ့ တာဝန်ပေးချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ညှိနှိုင်းဆက်ဆံရေးအတွက် တာဝန်ယူရသူ ဖြစ်ပါတယ်။ သန်းထွန်း နာမည်နဲ့ (ကကလှမ်း) မှာ (၂) ဦး ရှိတဲ့အနက် ယခင် ဒုညွှန်မှူးဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ် သန်းထွန်း ကတော့ အပတ်စဉ် OTS – 29 ကဖြစ်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပြောင်းရွေ့ ခဲ့ပါတယ်။ ယခု တင်ပြမဲ့ ဗိုလ်သန်းထွန်းဟာ DSA အပတ်စဉ် (13) ကျောင်းဆင်းဖြစ်ပြီး ယခင် မျက်မှန်ကြီး တင်ဦးရဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး ဌာနမှာ လုပ်ခဲ့ဖူးသူ ဖြစ်တာမို့ အခွင့်ထူးခံရရှိသူ ပီပီ စည်းစိမ်ဥစ္စာမြောက်များစွာနဲ့ (၁၀) သက်မက သုံးဖြုန်းနိုင်အောင် ချမ်းသာနေပြီး ဖြစ်ပါတယ်။ သူစီးလာတဲ့ Land cruiser ကားဖြူကြီးဟာ ၂၀၀၄ ခုနှစ်မှာ မြန်မာပြည်ရဲ့  ထိပ်သီး သူဋ္ဌေးကြီးများသာ စီးနိုင်ပါတယ်။

အမျိုးသား ညီလာခံကို သူ လာရောက်ခဲ့စဉ်က သူ့ရဲ့  Land cruiser ကားကြီးဟာ ၀န်ကြီးတွေ စီးတဲ့ Audi ကားနက်ကြီးထက် ပိုမိုလှပနေပြီး ကားပါးကင် ထိုးရင်တောင် သူ့ရဲ့ ကားကြီးကို နေရာတကာ ဦးစားပေးနေတာမို့ ၀န်ကြီးများ၊ ဗိုလ်ချုပ်များကတောင် သူရဲ့ ကားကို မနာလို မရှုစိမ့် ဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့ ဆရာ ဗိုလ်ခင်ညွှန့်ရဲ့ လက်ရုံးတဆူမို့ ကြမ်းချင်တိုင်း ကြမ်း၊ ရမ်းချင်တိုင်း ရမ်း ၊ မောက်မာသူ အဖြစ် ထင်ရှားလှပါတယ်။

ဗိုလ်သန်းထွန်းဟာ နိုင်ငံရေးသမားများအား ထောင်ထဲ ထည့်လိုက်ပြီးချိန်မှာ လိုရင် လိုသလို ပုဒ်မ (၅) ည ကို လှိုင်လှိုင် သုံးကာ အထက်က မသိလိုက်ရဘဲ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ NIB နဲ့ ပူးပေါင်းပြီး ညစ်တဲ့ စိတ်နဲ့ နှိပ်ကွပ်ပစ်တဲ့ အစဉ်အလာ ရှိသူဖြစ်ပါတယ်။ သူ့ဆရာရဲ့ အရှိန်အ၀ါနဲ့ ယစ်မူးသာယာ ခဲ့တာကို ကျေးဇူး မသိတတ်ဘဲ သူ့ကို ဖမ်းလိုက်ချိန်မှာ သူ့ရဲ့ ကျေးဇူးရှင် ဗိုလ်ခင်ညွှန့်ကို ပြစ်တင်ဝေဖန်ကာ အလွတ်ရုန်းထွက်ဖို့ “ဖေါ်ကောင်ဘညွှန့်” အဖြစ် ကြံစည်ခဲ့သူ ဖြစ်ပါတယ်။

တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ရုံးနဲ့ စစ်ဥပဒေချုပ် ရုံးတို့မှ အရာရှိများက သူ့ကို သွားရောက် စစ်ဆေးတိုင်း မချေမငံ ပြန်ပြောနေလို့ရယ်၊ သူ့ဆရာ ဗိုလ်ခင်ညွှန့်အား ပြစ်တင် ဝေဖန်နေတာရယ်ကြောင့် စစ်အာဏာရှင်များကတောင် သူ့ကို သစ္စာဖောက်လို့ အမြင်ကတ်ကာ နှစ်ရှည် ကြီးလေးတဲ့ ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

နိုင်ငံရေးသမားတွေကို မတရား နှိပ်ကွပ်ခဲ့တဲ့အတွက် နောင်ဘ၀တောင် မကူးဘဲ ချက်ချင်း လက်ငင်း ၀ဋ်လည်တာကို ယနေ့ စစ်အာဏာရှင်တွေ အားလုံး သတိတရား ရကြစေလိုပါတယ်။ ဗိုလ်သန်းထွန်းအား ခမရ (၃၀၅) အောင်ဆန်းမြို့ ဗဟိုကင်း အချုပ်ထဲတွင် အစောင့် (၄) ဦးဖြင့် စောင့်ကြပ်ပြီး လက်ထိပ် တန်းလန်းနဲ့ ထမင်းစား ခိုင်းတာကို မြင်ခဲ့ရတဲ့ သူတစ်ဦးရဲ့ ပြောဆိုချက်ဟာဖြင့် သံဝေဂ တရားကျစရာ ကောင်းလှပါကြောင်း တင်ပြလိုက်ရပါတယ်။
ဆောင်းပါးရှင်-စစ်ဘက်ဆိုင်ရာနီးစပ်သူတစ်ဦး
photayokeking.org
ပြန်ဖတ်ရန်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1