Monday, July 30, 2012

စစ်အာဏာရှင်စနစ်အောက်က တပ်မတော် - အပိုင်း (၂)

Ever November | 7/30/2012 10:43:00 AM | Best Blogger Tips
ဘာသာတရား ကိုင်းရှိုင်းတဲ့ ထိုင်းစစ်တပ်
“ကိုဖိုးတရုတ်တို့  စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်က ဆောင်းပါးတွေကို DVB ရဲ့ အသံလွှင့်  အစီအစဉ်တစ်ခု အနေနဲ့ ထုတ်လွှင့်ချင်တယ်။ တပ်မတော်ကို စည်းရုံးဖို့  လိုင်းတစ်လိုင်း ဖွင့်တဲ့သဘောပါ။ ကောင်းတာက လာမယ့် မတ်လ (၂၇) ရက်နေ့  တော်လှန်ရေးနေ့မှာ စလွှင့်ချင်တယ်။”

“ဟာ  ဒါဆိုရင် ၀မ်းသာလိုက်တာ ဆရာစိုးရာ၊ ကျနော်လည်း အဲဒီစိတ်ကူး ပေါ်နေတာ  အခမ်းအနား မတက်ခင်ကတည်းက ဆိုပါစို့။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုဆောင်းပါး  အမျိုးအစား တွေကို ရွေးချယ်ပေးရမယ်ဆိုတာ ပြောပါဦး။”

“ပေါ်လစီပိုင်းဆိုင်ရာမှာ  ထိထိမိမိ တင်ပြတတ်တဲ့ ဆောင်းပါးရှင်ကို ရွေးချယ်လိုပါတယ်။ တချို့ကျတော့  ပေါ်လစီပိုင်း ဆိုင်ရာ ဆောင်းပါးတွေကို မကြိုက်ကြဘဲ စစ်တပ်ရဲ့  အတွင်းသတင်းများ ပါဝင်တဲ့ ဆောင်းပါးတွေကို ကြိုက်ကြတာလည်း ရှိတာမို့  အဲဒီလို ဆောင်းပါးမျိုးတွေကိုလည်း ပို့ပေးပါ။ ဆောင်းပါးတစ်ပုဒ်စာကို  အသံလွှင့်ချိန် (၅) မိနစ်မှ (၆) မိနစ် ၀န်းကျင်ရှိရမှာဖြစ်ပြီး စနေနေ့တိုင်း  ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။”

စည်းလုံးခြင်းရဲ့ အင်အားစုတစ်ရပ် တည်ဆောက်နေခြင်း
                                       DVB နှင့် အစီအစဉ် ဆက်လက်ညှိနှိုင်းခြင်း
စည်းလုံးခြင်းရဲ့အင်အား  အဖွဲ့သားများကိုယ်စား ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ အခမ်းအနား တစ်ခုသို့  သွားရောက်ခဲ့စဉ် DVB မှ ဆရာဦးခင်မောင်စိုးနှင့် တွေ့ဆုံရင်းအစီအစဉ်သစ်  တစ်ခုအတွက် အခုလို ညှိနှိုင်းခဲ့ကြပါတယ်။

“ဟေး ကိုဖိုးတရုတ် အခမ်းအနားပြီးရင် ညှိနှိုင်း ဆွေးနွေးစရာလေးရှိလို့ Coffee shop မှာ အားတဲ့အချိန် တွေ့ကြရအောင်။”

“ဟာ  ဆရာဦးခင်မောင်စိုး နေကောင်းတယ်နော်၊ တွေ့ရတာ ၀မ်းသာပါတယ်။ ရပါတယ်ဗျာ၊  ဆရာတို့ ကျွန်တော်တို့ဟာ တကူးတက အချိန်ပြောနေစရာ မလိုပါဘူး။ ဆရာစိုး  အားနိုင်မယ့်အချိန်၊ ကောင်းတာက ဆရာစိုး အလုပ်များတာသိရလို့ မနက်ပိုင်း  အလုပ်မသွားခင် တွေ့ကြရင် ကောင်းမလား။ အားမယ် ထင်ပါတယ်။”

အဲဒီနောက် Coffee Shop မှာ နှစ်ဦးသား ဆွေးနွေးပွဲ စတင်ပါတော့တယ်။

“ကိုဖိုးတရုတ်တို့  စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်က ဆောင်းပါးတွေကို DVB ရဲ့ အသံလွှင့်  အစီအစဉ်တစ်ခု အနေနဲ့ ထုတ်လွှင့်ချင်တယ်။ တပ်မတော်ကို စည်းရုံးဖို့  လိုင်းတစ်လိုင်း ဖွင့်တဲ့သဘောပါ။ ကောင်းတာက လာမယ့် မတ်လ (၂၇) ရက်နေ့  တော်လှန်ရေးနေ့မှာ စလွှင့်ချင်တယ်။”

“ဟာ  ဒါဆိုရင် ၀မ်းသာလိုက်တာ ဆရာစိုးရာ၊ ကျနော်လည်း အဲဒီစိတ်ကူး ပေါ်နေတာ  အခမ်းအနား မတက်ခင်ကတည်းက ဆိုပါစို့။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုဆောင်းပါး  အမျိုးအစား တွေကို ရွေးချယ်ပေးရမယ်ဆိုတာ ပြောပါဦး။”

“ပေါ်လစီပိုင်းဆိုင်ရာမှာ  ထိထိမိမိ တင်ပြတတ်တဲ့ ဆောင်းပါးရှင်ကို ရွေးချယ်လိုပါတယ်။ တချို့ကျတော့  ပေါ်လစီပိုင်း ဆိုင်ရာ ဆောင်းပါးတွေကို မကြိုက်ကြဘဲ စစ်တပ်ရဲ့  အတွင်းသတင်းများ ပါဝင်တဲ့ ဆောင်းပါးတွေကို ကြိုက်ကြတာလည်း ရှိတာမို့  အဲဒီလို ဆောင်းပါးမျိုးတွေကိုလည်း ပို့ပေးပါ။ ဆောင်းပါးတစ်ပုဒ်စာကို  အသံလွှင့်ချိန် (၅) မိနစ်မှ (၆) မိနစ် ၀န်းကျင်ရှိရမှာဖြစ်ပြီး စနေနေ့တိုင်း  ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။”
“ပေါ်လစီပိုင်းဆိုင်ရာမှာ  ပိုင်ပိုင်နိုင်နိုင် ပြောတတ်သူ ကတော့ ဗိုလ်မှူးကျော်ကျော်ခိုင်  ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေက ပေါ်လစီပိုင်းဆိုင်ရာမှာ  ဆောင်းပါးတွေကို သတိ ထားပြီး ရေးရတာမို့ သူ့ကိုပဲ အားကိုးနေရတယ်။”

“ဒါကတော့  ကိုဖိုးတရုတ်ကြီးတို့ အသိဆုံးမို့ ကျနော်တို့ဆီကို တင်ပေးပါ။ ဆောင်းပါးပါ  အချက်အလက်တွေကိုတော့ တာဝန်ယူဖို့ လိုတယ်။ နောက်ပြီး အသံလွှင့်ဌာနရဲ့  မူဝါဒအတိုင်း ပြင်ဆင်ချင်တာရယ်၊ အချိန် ကန့်သတ်ချက်ကြောင့် ၀ါကျ စကားစု  စာပိုဒ်များနဲ့ စကားလုံး အသုံးအနှုန်းတချို့ကို မူရင်း အဓိပ္ပါယ် ရည်ရွယ်ချက်  မပျက်စေဘဲ ပြင်ဆင်တည်းဖြတ်ခွင့် ပြုစေချင်တယ်။ တခါတည်း  ခွင့်တောင်းထားပေးပါ။”

“ဒါဆိုရင်  ကျွန်တော့်အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ပြီး ဆရာစိုးရဲ့ အီးမေးလ်ထဲကို မတ်လ  (၂၇) ရက်နေ့ အမှီ ဆောင်းပါးတွေကို ရွေးချယ် ထည့်ပေးလိုက်မယ်ဗျာ။ ပြည်တွင်းက  တပ်မတော်သားများကိုလည်း ကျနော်တို့ ၀က်ဘ်ဆိုဒ်က ဆောင်းပါးတွေ အား DVB  အသံလွှင့်ဌာန ရေဒီယိုက စတင် ထုတ်လွှင့်ပေးမယ်ဆိုတဲ့ အကြောင်းနဲ့  စောင့်စားပြီး နားထောင်ကြဖို့ သတင်းကောင်း ပါးပေးလိုက်ပါမယ်။ ဆောင်းပါးပါ  အချက်အလက်တွေကိုတော့ တာဝန်ယူပါတယ်။ အခုလို ကူညီတဲ့ အတွက်  အထူးကျေးဇူးတင်ပါတယ်။”

DVB  အနေနဲ့ အောက်ခြေ တပ်မတော်သားများအတွက် စည်းလုံးခြင်းရဲ့အင်အား  ၀က်ဘ်ဆိုဒ်မှ ဆောင်းပါးများအား ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း  ညှိနှိုင်းရရှိခဲ့စဉ်မှာ ကျွန်တော့်ရဲ့လိုနေတဲ့ ကွက်လပ်တစ်ခု  ပြည့်သွားခဲ့လို့ ၀မ်းသာ ကြည်နူးခဲ့ရပါတယ် ခင်ဗျား။
စစ်အာဏာရှင်စနစ်အောက်က တပ်မတော် - အပိုင်း - (၂) 

(DVB ရဲ့ ထုတ်လွှင့်မှု အစီအစဉ်)
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ထုတ်လွှင့်ဖတ်ကြားသူ = ကိုနေသွင်

သောတရှင်များခင်ဗျား

တပ်မတော်ဟာ  တချိန်က ဖက်ဒရယ်မူကို မလိုလားခဲ့သလို ဒီနေ့အချိန်မှာလည်း ဒီမိုကရေစီကို  မလိုလားဘဲ ဖြစ်နေပါ တယ်။ ဒါပေမယ့် သူတို့ မကြိုက်တဲ့ ဒီမိုကရေစီဆိုတာ  ဘာလဲလို့ သေသေချာချာ မေးရင်တော့ ခြေခြေမြစ်မြစ် မသိကြပါဘူး။ တပ်မတော်ထဲမှာ  ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ကြားတောင် မကြားဖူးတဲ့လူတွေကို  တွေ့ရဖူးပါတယ်။ တကယ်တော့ စစ်အာဏာရှင်များက တပ်အတော်အတွင်းမှာ  စိတ်ဓါတ်စစ်ဆင်ရေး လုပ်ထားတဲ့အတွက် နိုင်ငံရေးမှာ တပ်မတော်နဲ့ ပြည်သူလူထု  ထိပ်တိုက်ဖြစ်နေရတာပါ။

ဒီနေရာမှာ  တပ်မတော်သားတွေကို မေးခွန်းထုတ်ဖို့တော့ လိုပါတယ်။ ကိုယ်ကိုယ်တိုင်  ကောင်းကောင်းလည်းမသိ၊ ကောင်းကောင်းလည်း နားမလည်၊ ခံစားဖူးချင်းလည်း မရှိတဲ့  အရာကိစ္စတစ်ခုကို စစ်အာဏာရှင်များပြောတိုင်း မျက်စိမှိတ် ပြီး မစူးစမ်း  မဆင်ခြင် အကောင်းမမြင်ခြင်း၊ ဇွတ်အတင်း ငြင်းဆိုနေခြင်းများဟာ  သင့်တော်ပါရဲ့လား ဆိုတဲ့ မေးခွန်းပါ။ “ဒူးရင်းသီးဆိုတာ ဆူးတွေနဲ့ကွ  အထဲမှာလည်း အဆိပ်ရှိမှာ သေချာတယ် မစားနဲ့” ဆိုရင် ကိုယ်တိုင် မစူးစမ်း  မလေ့လာဘဲ၊ မသိဘဲ “ဟုတ်မှာပါ၊ ဒါမကောင်းတဲ့ အသီးကြီးကွ မစားကြနဲ့” လို့  ပြောနေကြမှာလား၊ သေသေချာချာ စဉ်းစားကြည့်စေချင် ပါတယ်။

စစ်သားဆိုတာ  အမိန့်နာခံတတ်ရမယ်လို့ ဆိုရာမှာ နေရာတကာတိုင်းမှာ နာခံရမယ်လို့  ဆိုလိုခြင်း မဟုတ်ပါဘူး။ စစ်မှုရေး ရာ ကိစ္စရပ်များမှာတော့ စစ်သားဆိုတာ  အမိန့်ကို မြေဝယ်မကျ နာခံရမှာ မှန်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ တောင်းဆိုတဲ့  ကိစ္စဟာ နိုင်ငံတော်ကို အန္တရာယ်ကျရောက်စေမယ့် စစ်ရေးစစ်ရာမျိုး မဟုတ်ပါဘူး။  ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ ကျယ်ပြန့် အရေးကြီးတဲ့ နိုင်ငံရေးကိစ္စ  ဖြစ်ပါတယ်။ ပြည်သူ့အာဏာနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့  အာဏာပိုင်ရှင် အစစ်ဟာ ပြည်သူသာလျှင် ဖြစ်ပါတယ်။ ပြည်သူလူထုက  ဒီမိုကရေစီတောင်းတာဟာ သူပိုင်တဲ့အရာကို ပြန်တောင်း ခြင်းသာ ဖြစ်ပါတယ်။

တကယ်တော့  ဒီမိုကရေစီဆိုတဲ့အရာဟာ တပ်မတော်သားများနဲ့လည်း သက်ဆိုင်ပါတယ်။  တပ်မတော်သားများရဲ့ တပ်ပြင်ပ မိဘဆွေမျိုး၊ သားချင်း၊ သူငယ်ချင်းများနဲ့လည်း  ဆိုင်တဲ့ နိုင်ငံရေးကိစ္စ ဖြစ်ပါတယ်။ ပိုအရေးကြီးတာက ဒီမိုကရေစီရဲ့  အကျိုးကို ခံစားရမယ့် သူတွေထဲမှာ တပ်မတော်သားတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်  မိမိတို့ တပ်မတော်သားများ အပါအဝင် ပြည်သူလူထု တရပ်လုံးရဲ့ ကောင်းကျိုးကို  ဖန်တီးပေးမယ့် ဒီမိုကရေစီအရေးမှာ တပ်မတော်သားများအနေနဲ့ ကိုယ်ပိုင်ဥာဏ်နဲ့  စူးစမ်းလေ့လာပြီး သတိထား ဆင်ခြင်သင့်ပါတယ်။ နိုင်ငံရေးဆိုတာဟာ  ကြီးမားကျယ်ပြန့်ပြီး တိုင်းပြည်အတွက် အရေးကြီးပါတယ်။ စစ်ရေးဆိုတာက  နိုင်ငံရေးထဲက တစိတ်တဒေသသာ ဖြစ်ပါတယ်။

ဒါကြောင့်  စစ်အာဏာရှင်တွေ “ဘူး” သွင်းထားသလို ဒီမိုကရေစီအရေးမှာ အမိန့်နာခံတာ သက်သက်  မလုပ်သင့်ပါဘူး။ မိမိတို့ရဲ့ ကျေးဇူးရှင် အစစ်ဖြစ်တဲ့ မိဘပြည်သူတွေရဲ့  အရေးဖြစ်တဲ့အတွက် မတရားတဲ့ အမိန့်မျိုးကို မိမိတို့ရဲ့  ကိုယ်ပိုင်အသိဥာဏ်နဲ့ ဆင်ခြင်သုံးသပ်သင့်ပါတယ်။ (၂၀၀၇) ခုနှစ်  စက်တင်ဘာကာလမှာ ဖြစ်ပျက်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးလို  အဖြစ်အပျက်မျိုးမှာ တပ်မတော်သားများအနေနဲ့ ဝိနည်းလွတ် လုပ်သင့်ရင်  လုပ်ရပါမယ်။ လက်နက်ငယ် နည်းပညာလို ပြောင်းရင်းအပြစ်၊ ကျဉ်ဆံအံမကျ၊  ကျဉ်ကန့်လန့်ခံ၊ ကျဉ်အ စတာမျိုးတွေကို ဆင်ခြေပေးပြီး အမိန့်ကို  ရှောင်နိုင်ပါတယ်။

                                        ဘာသာတရား ကိုင်းရှိုင်းတဲ့ ထိုင်းစစ်တပ် 
လက်နက်ကိုင်  ရန်သူများ မဟုတ်တဲ့ ပြည်သူလူထုအတွင်းကို ချိန်ရွယ်ပြီး ပစ်ခိုင်းတဲ့  အမိန့်မျိုးတွေ၊ ရဟန်းသံဃာများကို ရိုက်နှက် ဆဲဆို ပစ်ခတ်ခိုင်းတဲ့  အမိန့်မျိုးတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုပါတယ်။ ဒါမျိုးဟာ  တစ်ဘဝသာမက ဘဝသံသရာ အဆက်ဆက်နဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ တပ်မတော်သမိုင်း၊  တပ်မတော် ဂုဏ်သိက္ခာ၊ တပ်မတော် အစဉ်အလာနဲ့လည်း ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။  ဒီလိုနေရာမျိုးမှာ အရင်တုန်းက ရှိခဲ့ဖူးတဲ့ ဆိုဗီယက်တပ်မတော်ရဲ့ နမူနာနဲ့  အိမ်နီးချင်း ထိုင်းတပ်မတော်တို့ရဲ့ နမူနာတို့ကို ယူသင့်ပါတယ်။  ဆိုဗီယက်တပ်မတော်နဲ့ ထိုင်းတပ်မတော်တို့ဟာ အာဏာရှင်တို့ရဲ့ အမိန့်ကို  နာခံပြီး ပြည်သူလူထုဘက်ကို သေနတ်ပြောင်း မလှည့်ခဲ့ကြပါဘူး။ ဆိုဗီယက်မှာ  စစ်တပ်က မနိုင်နင်းလို့ ဆိုဗီယက် ပြိုကွဲတာ ဆိုတဲ့ စကားဟာ မဟုတ်ပါဘူး။  တကယ်ဖြစ်သွားတာက အာဏာရှင်စနစ် ကျဆုံးသွားခြင်းသာ ဖြစ်ပါတယ်။ ကွန်မြူနစ်  စနစ် ကျဆုံးခြင်းသာ ဖြစ်ပါတယ်။
                        ပြည်သူဘက် ရပ်တည်တဲ့ ထိုင်းစစ်တပ်ကို ပြည်သူက ကြိုဆိုနေပုံ

သောတရှင်များခင်ဗျား

အာဏာရှင်အတွက်  ပြည်သူလူထုကို ပစ်သတ် သတ်ဖြတ်တဲ့ စစ်တပ်ဆိုလို့ ကမ္ဘာပေါ်မှာ  တရုတ်နဲ့မြန်မာနိုင်ငံသာ ထင်ထင်ရှားရှား ရှိပါတယ်။ အလွန် ရှက်စရာကောင်းတဲ့  ကိစ္စဖြစ်ပါတယ်။ မှန်ကန်တဲ့ အသိဥာဏ်ရှိရင် ဒီလို ယုတ်မာရိုင်းစိုင်းတဲ့  လူသတ်မှု၊ ရာဇဝတ်မှုမျိုးကို ကျူးလွန်ရဲမှာ မဟုတ်ပါဘူး။ တကယ်တမ်းပြောရရင်  ဒါဟာ လူသတ်မှုကို လူရှေ့သူရှေ့မှာ မျက်နှာပြောင်တိုက် ပြုလုပ်ခြင်းသာ  ဖြစ်ပါတယ်။ ပြည်သူလူထုကို ကာကွယ်ပေးတဲ့ တပ်မတော်သားဘဝကနေ စစ်ရာဇဝတ်ကောင်  အဖြစ်ကို ကျရောက်သွား စေပါတယ်။ စစ်တပ်ကို အသုံးချပြီး တိုင်းပြည်အာဏာကို  လုယူချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်တစ်စုဟာ ဘယ်လိုကိစ္စမျိုးမှာမဆို  အကျိုးကိုသာ ပြောတတ်ပါတယ်။ အကြောင်းတရားကို ဘယ်တော့မှ မပြောပါဘူး။  အကြောင်းတရားမှာလည်း အသေအချာ စဉ်းစားဆင်ခြင်တာမျိုး မရှိပါဘူး။ မတတ်သာလို့  အကြောင်းတရားကို ပြောရမယ် ဆိုရင်လည်း အာဏာရှင်တို့ကို မထိခိုက်အောင်  လိမ်ညာပြောတတ်ပါတယ်။

ဒီလို  စစ်အာဏာရှင်တွေကြောင့် မြန်မာ့နိုင်ငံရေး “တိုင်ပတ်” နေရခြင်း ဖြစ်ပါတယ်။  အကြောင်းတရားကို မှန်မှန်ကန်ကန် လေ့လာဖြေရှင်းလိုက်ရင် နိုင်ငံရေးဟာ  လွယ်ကူစွာ ရှင်းလင်းသွားပါမယ်။ အရာရာ ဖြောင့်ဖြူးသွားနိုင်ပါမယ်။  စစ်အာဏာရှင်များဟာ စည်းစိမ်အာဏာ ယစ်မူးရင်း သူတို့သာ မြန်မာနိုင်ငံမှာ  အတော်ဆုံး၊ အတတ်ဆုံးလို့ ဘဝင်မြင့်ပြီး ဘယ်တော့မှ နိုင်ငံရေးကို  ပြေလည်အောင် မဆောင်ရွက်ချင်ကြပါဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို  ကြည့်ပါ။ သေတဲ့အထိ အာဏာ လက်မလွှတ်ချင်တာ ထင်ရှားပါတယ်။ ငါ သေမှ ငါ့နေရာရမယ်  ဆိုတဲ့ စကားမျိုးကိုတောင် ပြောမယ့်လူမဟုတ်ဘဲ ငါ သေရင်တောင် ငါ့နေရာ ငါ  ယူသွားမယ်လို့ ပြောမယ့် လူစားမျိုး ဖြစ်ပါတယ်။ နိုင်ငံရေး ပြေလည်ရင်  မတရားယူထားတဲ့ သူတို့လက်ထဲက အာဏာ လက်လွတ်သွားမှာ စိုးရိမ်နေပါတယ်။  ဒါကြောင့် ပြည်သူ့လက်ကို အာဏာ ပြန်ရောက်စေမယ့် ဒီမိုကရေစီ ကျင့်စဉ်ကို  အကြောက် ကြီး ကြောက်နေကြတာပါ။

သောတရှင်များခင်ဗျာ

အာဏာရှင်ရှိရင်  ပြည်သူလူထုမှာ အာဏာမရှိပါဘူး၊ ဒါ့ကြောင့် ဒီမိုကရေစီလည်း မရှိနိုင်ပါဘူး။  ဒီမိုကရေစီရှိရင် ပြည်သူလူထုမှာ အာဏာရှိပြီး အာဏာရှင် မရှိနိုင်ပါဘူး။  ဒါ့ကြောင့် စစ်ယူနီဖေါင်း ဝတ်ထားတဲ့ အာဏာရှင်များဟာ ဒီမိုကရေစီကို  ရန်လုပ်နေကြခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အူထဲအသဲထဲက  မုန်းတီး ကြောက်ရွံ့နေကြခြင်း ဖြစ်ပါတယ်။ တပ်မတော်သားတွေကိုလည်း  ဒီမိုကရေစီကို ရန်လုပ်ခိုင်းနေခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီတောင်းတဲ့  ပြည်သူလူထုကို ပစ်သတ် သတ်ဖြတ် ခိုင်းပြီး တပ်မတော်သားတွေကို ရာဇဝတ်သားဘဝ  ကျရောက်အောင် တွန်းပို့နေခြင်း ဖြစ်ပါတယ် ခင်ဗျား။
photayokeking.org

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1