စည်းလုံးခြင်းရဲ့ အင်အားစုတစ်ရပ် တည်ဆောက်နေခြင်း
DVB ထုတ်လွှင့်မှု အစီအစဉ်
DVB ထုတ်လွှင့်မှု အစီအစဉ်
ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ အောက်ခြေ တပ်မတော်သားများရဲ့ ဒုက္ခဆင်းရဲ ကြပ်တည်းပုံတွေ၊ ဒီမိုကရေစီလိုလားတဲ့ တပ်မတော်သားများ ရှိနေပုံတွေ၊ စစ်အာဏာရှင်များရဲ့ မူဝါဒများ ချို့ယွင်းပုံတွေ၊ မတရား အဂတိလိုက်စားပုံတွေကို ဤ၀က်ဘ်ဆိုဒ်တွင် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့ကိုယ်စား တင်ပြပေး ခဲ့ပြီးဖြစ်ပါတယ်။ တင်ပြနေဆဲလည်း ဖြစ်ပါတယ်။ အဲဒီလို တင်ပြခဲ့ရာမှာ ပြည်သူလူထုနဲ့ နိုင်ငံတကာက သိရှိလေ့လာနိုင်အောင် ဖြစ်စဉ်မှန်များကို ဖော်ပြနိုင်ခြင်းဖြင့် အတော်အတန် အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။ ပြည်တွင်းရှိ ဒီမိုကရေစီ လိုလားသော တပ်မတော်သားများ စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် ဖြစ်သွားစေရေးအတွက် အင်အားစုတစ်ရပ်နဲ့ ကွန်ယက်သဖွယ် တည်ဆောက်နိုင်ဖို့ “စည်းလုံးခြင်းရဲ့ အင်အား” အဖွဲ့အနေနဲ့ ဆက်လက် ကြိုးစားနေပါတယ်။
ဤ၀က်ဘ်ဆိုဒ်မှ တင်ပြချက်များကို Print ထုတ်ကာ တိုင်းစစ်ဌာနချုပ်များ၊ စစ်ကျောင်းကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တို့မှ စစ်ဦးစီး အရာရှိ များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (လေ) တို့ထံကို တင်ပြနေကြရကြောင်း အတွင်းလူများမှ သတင်းပေးပို့လို့ သိရှိရပါတယ်။
ဒါ့အပြင် စည်းလုံးခြင်းရဲ့အင်အား အဖွဲ့အနေနဲ့ တပ်မတော်အတွင်း အောက်ခြေ တပ်မှူး၊ တပ်သားများ သိရှိစေနိုင်ရေး အတွက်လည်း တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစား ဆောင်ရွက်နေပါတယ်။ တပ်တွင်းက ကြိုးနီစနစ်နဲ့ တင်းကြပ် တဲ့လုံခြုံရေး စနစ်ကြောင့် ထိုးဖောက်ရုန်းကန် ကြိုးစား နေရာမှာ အောက်ခြေ တပ်မတော်သားတွေကို စည်းလုံးခြင်းရဲ့ အင်အားစုတစ်ရပ် တည်ဆောက်နိုင်ရေးအတွက် ရေဒီယိုအသံလှိုင်းများမှ တဆင့်လည်း ထိုးဖောက် စည်းရုံးဖို့ “စည်းလုံးခြင်းရဲ့အင်အား” အဖွဲ့သားများရဲ့ ရင်ဘတ်ထဲမှာ ကွက်လပ်လေးတစ်ခု ဖြစ်ပေါ်နေပါတယ်။ အဲဒီလို ရင်ထဲကဟာနေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးဖို့ အခြေအနေတစ်ခုက ဖန်တီးလာပါတယ်။ အဲဒါကတော့ ဒီမိုကရေစီလိုလားတဲ့ တပ်မတော်သားတွေရဲ့ ဆန္ဒပြင်းပြနေမှုကို လေးစား အသိအမှတ်ပြုခဲ့ကြတဲ့ DVB နဲ့ VOA တို့မှ ပုဂ္ဂိုလ် နှစ်ဦးတို့က စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရန် ဆက်သွယ်လာခြင်း ဖြစ်ပါတယ်။ အဲ့ဒီပုဂ္ဂိုလ် နှစ်ဦးကို စည်းလုံးခြင်းရဲ့အင်အားအဖွဲ့သားများနဲ့ ပြည်တွင်း၊ ပြည်ပမှ ဆောင်းပါးရှင် တပ်မတော်သားများက အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြအပ်ပါတယ်။ အဲ့ဒီပုဂ္ဂိုလ်နှစ်ဦးနဲ့ ဤ၀က်ဘ်ဆိုဒ်မှ ဆောင်းပါးများကို အသံထုတ်လွှင့်နိုင်ရေးအတွက် ဘယ်လို ပြင်ဆင်ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြတယ်ဆိုတာတွေကိုလည်း ဤ၀က်ဘ်ဆိုဒ်ရဲ့ အထူးအစီအစဉ်ဖြစ်တဲ့ DVB နဲ့ VOA မှ ထုတ်လွှင့်မှု အစီအစဉ်များအား ဖော်ပြရင်းနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပူးတွဲတင်ပြပေးသွားပါမယ် ခင်ဗျား။

စစ်အာဏာရှင်စနစ်အောက်က တပ်မတော် အပိုင်း - (၁)
(DVB ရဲ့ ထုတ်လွှင့်မှု အစီအစဉ်)
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ထုတ်လွှင့်ဖတ်ကြားသူ - ကိုနေထူး
၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော တော်လှန်ရေးနေ့မှာ DVB အသံလွှင့် ဌာနအနေနဲ့ “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်တွင် တင်ပြခဲ့သော ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ ဆောင်းပါးများထဲမှ သင့်တော်သော ဆောင်းပါးများ အား မူဝါဒနှင့်အညီ ဦးခင်မောင်စိုးက စီစစ်ထုတ်လွှင့်သွား ခဲ့ပါတယ် -
သောတရှင်များ ခင်ဗျား -
ကျွန်တော်တို့ မြန်မာ့တပ်မတော်ကြီးဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး စတဲ့ အသံတွေကို ကြားရမှာ ကြောက်နေပါတယ်၊ နောက်ပြီး မုန်းလည်း မုန်းနေကြပါတယ်။ ဒါကြောင့် ဒီစကားလုံးတွေကို မကြားချင်ကြပါဘူး။ ဒါပေမယ့် တပ်မတော်သား တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်ကို သေသေချာချာ သိနားလည်တာတော့ မဟုတ်ပါဘူး။ သေသေချာချာ မသိသလို ခံလည်းမခံစားဖူးပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို (၁၈) ရာစုတုန်းကလို နယ်ချဲ့ချင်လို့ နယ်ချဲ့လက်သစ်ဝါဒီတွေက ပစ်လွှတ်လိုက်တဲ့ စကားလုံးဖြစ်တယ်လို့ဘဲ နားလည်နေကြပါတယ်။

ဒီကနေ့ တပ်မတော်ထဲက မျိုးဆက်သစ် အရာရှိ/စစ်သည်တွေ မပြောနဲ့ တပ်မမှူးအဆင့် မဆလခေတ်မွေး အရာရှိတွေတောင် သေသေချာချာ နားမလည်ပါဘူး။ နားလည်အောင်လည်း မစူးစမ်းကြပါဘူး။ ပိုဆိုးတာကတော့ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးဆိုတာတွေကို နားလည်ဖို့ ကြိုးစားလေ့လာသူတွေရဲ့ အခွင့်အလမ်းကိုလည်း ပိတ်ဆို့ထားပါတယ်။ တပ်မတော်အတွင်းမှာ BBC, BOA, RFA, DBV အသံလွှင့်ဌာနတွေက ထုတ်လွှင့်တဲ့ ရေဒီယို အသံလှိုင်းတွေကိုလည်း ရှုံ့ချပိတ်ပင် တားမြစ်ထားပါတယ်။ ဒီမိုကရေစီဆိုတာလည်း ဘာမှန်းမသိ၊ လူ့အခွင့်အရေးဆိုတာကိုလည်း ဘာမှန်း နားမလည်ပေမယ့် ဒီစကားလုံးတွေကို လာပြောသူဆိုရင်တော့ ရန်သူလို့ဘဲ အမှတ်ထားနေပါတယ်။
တကယ်တော့ ပြည်သူလူထုရဲ့ အကျိုးကို သယ်ပိုးထမ်းရွက်ရမယ့် တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို စောင့်ရှောက်ကာကွယ်ရမှာ ဖြစ်ပေမယ့် အခုတော့ ပြောင်းပြန်ဖြစ်နေပါတယ်။ ဒီမိုကရေစီ တော့ လာမပြောနဲ့ ရန်သူဖြစ်သွားမယ်လို့ ကြုံးဝါးနေတဲ့ တပ်မတော် ဖြစ်နေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲလို့ အကြောင်းအရင်းအမြစ်ကို စီစစ်သုံးသပ်လိုက်မယ်ဆိုရင်၊ ဒီနေ့ ကိုယ့်ကိုယ်ကို နိုင်ငံတော် အကြီးအကဲလို့ဆိုနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ချက်ဖြစ်တာကို တွေ့ရမှာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်မတော်ကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးတွေအပေါ် ဘယ်လို ကြောက်ရွံ့မုန်းတီးအောင် လုပ်ခဲ့ပါသလဲ၊ ဒါကို ရှင်းပြပါ့မယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စိတ်ဓါတ်စစ်ဆင်ရေးအရာရှိ (Psychological Warfare Officer) လုပ်ခဲ့ဘူးပါတယ်။ ထက်ထက်မြက်မြက်တော့ မရှိပေမယ့် အတွေ့အကြုံရှိတဲ့သူတော့ ဖြစ်ပါတယ်။ သူ အာဏာရှင် ဖြစ်ခါစမှာ အစွယ်မထွက်သေးတဲ့ ဘီလူးမှန်း မသိခဲ့ကြပါဘူး။ တပ်မတော်တွင်းမှာတောင် ပြည်သူသို့ အာဏာပြန်လွှဲပေးမယ်လို့ ယုံကြည်နေခဲ့ ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စိတ်ဓါတ်စစ်ဆင်ရေး အရာရှိဖြစ်ခဲ့ဘူးတဲ့အတိုင်း သူ အာဏာရလာတဲ့ အချိန်မှာ တပ်မတော်ကို စိတ်ဓါတ်စစ်ဆင်ရေးနဲ့ မှိုင်းသွင်းဖို့ အားထုတ်ပါတယ်။ ပြန်ကြားရေး ဒုဝန်ကြီးလုပ်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း သိန်းစိန်နဲ့ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဆန်းတို့ကို တာဝန်ပေးပြီး စိတ်ဓါတ်စစ်ဆင်းရေး အကြီးအကျယ်လုပ်ခဲ့ပါတယ်။
တပ်မတော်အတွင်းမှာ စိတ်ဓါတ်စစ်ဆင်ရေး နည်းပြအဆင့်သင်တန်းနဲ့ တိုင်းအဆင့် တိုက်ပွဲဝင် စည်းရုံးရေးမွမ်းမံသင်တန်းတွေ ဖွင့်ပြီး စိတ်ဓါတ်စစ်ဆင်ရေး လုပ်ခဲ့သလို ကက (ပြည်) ဌာနဖွဲ့စည်းပုံကို စိတ်ဓါတ်စစ်ဆင်ရေးစကားလုံး ဖြည့်စွက် တိုးချဲ့ ခဲ့ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာလည်း ဒီမိုကရေစီ ဆန့်ကျင်ရေး ဇာတ်လမ်းတွေ ရိုက်ကူးပြီး ၀ါဒဖြန့်ခဲ့သလို သတင်းစာစောင်တွေမှာလည်း ဒီမိုကရေစီ ဆန့်ကျင်ရေး ဆောင်းပါးတွေကို နာမည်ဝှက်တွေနဲ့ ရေးသားပြီး ၀ါဒ ဖြန့်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ အဖွဲ့အစည်းတွေကို ကာတွန်း ရုပ်ပြောင်တွေနဲ့ သရော်လှောင်ပြောင်ပါတယ်။ အမေရိကန် သံရုံးရှေ့မှာ ပြည်ပအားကိုး ပုဆိန်ရိုး၊ ပြည်တွင်းရေးကို စွက်ဖက်တဲ့ ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ ဆိုတဲ့ ခြိမ်းခြောက်သယောင် စာသားတွေပါဝင်တဲ့ ဆိုင်းဘုတ်တွေ ကို “ပေါ်တင်” ထောင်ကြပါတယ်။ ဒီလို စိတ်ဓါတ်စစ်ဆင်ရေး နည်းတွေကို သုံးပြီး စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီ ဆိုတာကို ရုပ်ဆိုးအောင် ကြောက်လန့်ဖွယ် ဖြစ်အောင် တင်ပြ ၀ါဒဖြန့်ခဲ့ပါတယ်။ ဗရုတ်သုက္ခ ဒီမိုကရေစီ၊ ဇောက်ထိုးမိုးမျှော် ဒီမိုကရေစီ စသဖြင့် နာမည် ဖျက်ပြီး အပုတ်ချ ကြပါတယ်။ ဒီမိုကရေစီ ရရင်ဘဲ ပြည်ထောင်စုကြီး ပြိုကွဲတော့မယောင်ယောင်ဝါဒဖြန့်ခဲ့ကြပါတယ်၊ မြန်မာ့ဆိုရှယ်လစ်ခေတ်မှာမွေး တစ်ပါတီအာဏာရှင် စနစ်အောက်မှာ ကြီးပြင်းခဲ့ကြပြီး နိုင်ငံရေး အမြင်လုံးဝ ရှင်သန်ခွင့်မရှိသူတွေရဲ့ ဦးခေါင်းထဲကို ဒီမိုကရေစီအပေါ် ဆန့်ကျင်တဲ့ အဆိုးမြင်တွေ သွတ်သွင်း ခဲ့ကြပါတယ်။ “သူရဲဆိုတာ ဘာမှန်း မသိတဲ့ ကလေးငယ်ကို သူရဲကြီးဆိုပြီး ခြောက်လှန့် ထားတာနဲ့” တူနေပါတယ်။

ဒီလိုနဲ့ တပ်မတော်သားတွေဟာ အာဏာရှင်ကြီးတွေရဲ့ “ဘူး” သွင်းတာကို ခံရပြီး ဒီမိုကရေစီဆိုတဲ့ စကားလုံးနဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးတွေ ကြားရရင်ဆိုရင်ဘဲ ကြောက်စိတ်၊ မုန်းစိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ်။ သရဲကြီးဆိုတဲ့ စကားလုံးကို ကြားရတဲ့ မသိနိုးနား ကလေးငယ် တစ်ယောက်လို အထိတ်တလန့် ဖြစ်နေရပါ တော့တယ်။ အထက်အာဏာရှင်ကြီးတွေ ရိုက်သွင်းထားသလို ခံနေရတဲ့ တပ်မတော်သားတွေဟာ ဒီမိုကရေစီ အော်သူ ဒို့ရန်သူလို့ ခံယူမှားပြီး ဒီမိုကရေစီ တောင်းဆိုတဲ့သူ ပြည်သူလူထုကိုလည်း ဆန့်ကျင်ဘက် ပြုလာပါတယ်။ ဒီလိုနဲ့ အာဏာရှင်စနစ်အောက်က တပ်မတော်ဟာ ဒီမိုကရေစီ ဆန့်ကျင်ရေး အင်အားစုတစ်ခုလို ဖြစ်နေရပါ တော့တယ်ခင်ဗျား။
သောတရှင်များခင်ဗျား
နောက်တစ်ပတ် စနေနေ့မှာလည်း စစ်အာဏာရှင်စနစ်အောက်က တပ်မတော် အစီအစဉ်ကို ဆက်လက်တင်ဆက်အုံးမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် ဆင်ခြင်ဥာဏ်ကို မသုံးစွဲဘဲ အမိန့်နာခံဖို့ဘဲ အဆင်သင့် ဖြစ်နေတဲ့အတွက် ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်နေရတဲ့ တပ်မတော်သားတွေ အကြောင်း ဆက်လက် တင်ပြသွားမှာမို့ စောင့်မျှော် နားဆင်ကြပါ ခင်ဗျား။

photayokeking.org
No comments:
Post a Comment