Wednesday, August 1, 2012

သင်္ခါရတရားနှင့် စစ်အာဏာရှင်များ - အပိုင်း (၈)

Ever November | 8/01/2012 10:50:00 PM | Best Blogger Tips

ယနေ့ တပ်မတော်မှာ “လူခင်ရင် မူပြင်” သလို၊ “လူမုန်းရင် မူသုံး” ကာ ထင်သလို လွှမ်းမိုး ချယ်လှယ် အုပ်ချုပ်နေကြတာနဲ့ ပတ်သက်ပြီး  ဗိုလ်မောင်ဘိုရဲ့ အကြောင်းကို ဖတ်ကြည့်ရင် ထင်ထင်ရှားရှား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

မဆလခေတ်က တပ်မတော်မှာ  အရာရှိတွေဟာ ပြစ်မှုမှတ်တမ်းအရ သတိပေးခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ရာထူး ရပ်ဆိုင်းထားခြင်း၊ လုပ်သက်လျှော့ခြင်း ၊ ရာထူး တဆင့် လျှော့ခြင်း၊ ထောင်ချခြင်း၊ ထုတ်ပစ်ခြင်းစတဲ့ ပြစ်ဒဏ်များစွာကို အနုအရင့် အလိုက် ခံစားရတာ ရှိပါတယ်။  ထိုစဉ်က တပ်မှူးများရဲ့ လောဘရမ္မက် ၊ အတ္တအကျိုးစီးပွား မတရား ရှာဖွေမှုများကြောင့် မဆီမဆိုင် လက်အောက်သို့ ခွဲတမ်းချ ပြစ်ဒဏ်စီရင်ခံရတဲ့ အရာရှိ တချို့လည်းရှိရာ အဲဒီလို ကိစ္စတွေမှာ ခံလိုက်ရတဲ့ သူတွေကို သက်ညှာစွာ စဉ်းစားပေးပြီး ရာထူးတိုးမြှင့်ပေးလေ့ ရှိတာတော့ တွေ့ခဲ့ရပါတယ်။

န၀တနဲ့ နအဖ ခေတ်ကျတော့ သက်ညှာစွာ မစဉ်းစားပေးတော့ဘဲ ပြစ်ဒဏ် အနုဆုံး ဖြစ်တဲ့ သတိပေးခြင်း ဆိုတာကို ခံရရုံနဲ့ အရာရှိတစ်ဦးဟာ မိမိနဲ့ တစ်ပတ်စဉ်ထဲ အခြား သူငယ်ချင်းများ ကဲ့သို့ ရာထူးတိုးခြင်းမှာ အတူတူ မရရှိတော့ပါ။ Promotion Board နောက်ကျကာ ရာထူး နှစ်အလိုက် နောက်ကျသွားတာကြောင့် အရာရှိများဟာ မိမိကိုယ်ကို ခြောက်ပစ်ကင်း သဲလဲစင် ပြစ်မှု မဖြစ်ပွားအောင် အထူး ဆင်ခြင်နေကြရပါတယ်။ ဒါကြောင့် တပ်ထဲမှာ ခေတ်စားလာတဲ့ မလုပ်၊ မရူပ်၊ မပြုတ် ဆိုတဲ့ စကားအတိုင်း နေကြရပါတယ်။

အရာရှိများဟာ ရာထူးကြီးလာတာနဲ့အမျှ တိုင်စာ ပစ်စာများ မရှိအောင်၊ စုံစမ်းစစ်ဆေးရေး ခုံရုံး အဖွဲ့မခံရအောင်၊ တရားရုံးဖွဲ့ မခံရအောင် သက်သေခံ ကောက်နုတ်ချက် အယူမခံရ အောင် အထူးသတိနဲ့ နေကြရပါတယ်။ ဒါပေမဲ့ အရာရှိတိုင်းကို အဲဒီလို တပြေးညီ မဆက်ဆံဘဲ လူခင်ရင်တော့ မူပြင်တတ်သလို လူမုန်းရင် မူသုံးကာ မဆီမဆိုင် နှိပ်ကွပ်တတ်တာလည်း ရှိပါတယ်။

ဒ့ါကြောင့် အရာရှိတွေဟာ မိမိရဲ့ သမိုင်းကြောင်းမှာ ပြစ်မှုကင်းစင်အောင် ကြိုးစားပြီး နေရချိန်မှာ ဗိုလ်မောင်ဘိုကတော့ စစ်မှုထမ်းသက် (၄) နှစ် လျှော့ချခံရသူ ဖြစ်လျှက်သားနဲ့ ထိပ်ပိုင်းရာထူးကို မျက်နှာပြောင်တိုက်ကာ တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်မောင်ဘိုဟာ စကခ (၆) တပ်မမှူး (ပျဉ်းမနား) မှာ တာဝန် ထမ်းဆောင်နေတုန်း  ထိုစဉ်က စစ်ရေးချုပ် ဖြစ်နေသူ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်အောင် က “ဟေ့ကောင် မောင်ဘို၊ မင်းဟာ တပ်မတော်ရဲ့ သတ်မှတ်ချက် စည်းကမ်းချက်တွေ ဖောက်ဖျက်ထားပြီး စစ်မှုထမ်းသက် (၄) နှစ် လျှော့ခံရလျက်သားနဲ့  ရာထူးတိုးဖို့ဘဲ ကြိုးစားနေတယ်၊ အစဉ်အလာ မဟုတ်ဘဲ ငါ ဘယ်တော့မှ  မင်းကို ထောက်ခံအမှတ်ပေးမှာ မဟုတ်ဘူး မောင်ဘို” လို့  ကြိမ်းခဲ့ဖူးပါတယ်။

ဒါပေမဲ့ပေါ့လေ ဗိုလ်မောင်ဘိုဟာ ရပခ တိုင်းမှူးကို သက်တောင့်သက်သာ တက်လာလို့ ဒါ ဘာကြောင့်လဲ? သူ စကခ (၆) တပ်မမှူး ဘ၀တုန်းက တပ်ရင်းမှူးတွေကို တန်းစီပြီး ဒုတ်နဲ့ ရိုက်နေစဉ် ကစထမှူး ဒုဗိုလ်ချုပ်ကြီး ချစ်ဆွေက မသင့်တော်လို့  ဟန့်တားခဲ့ရတဲ့ အထိ ဖြစ်စဉ်တွေနဲ့ သူက ဘယ်သူ့အားကိုးရှိလို့ တပ်ရင်းမှူးအဆင့် ရှိတဲ့သူတွေကို ရိုက်ရဲ နေရတာလဲ?

ဒါ့အပြင် သူဟာ ရပခတိုင်းမှူး ဖြစ်လာပြန်တော့လည်း ဖောင်တော်ဦး ဘုရားပွဲမှာ အဆင်မပြေ ဖြစ်ခဲ့လို့   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ကြိမ်းမောင်းဆူပူခဲ့ရာ ဗိုလ်မောင်ဘိုဟာ လ၀က ပြည်နယ်မှူးကြီးအား မဲပြီး လူပုံအလယ် ထိုးကြိတ် ဆုံးမရဲခဲ့လောက်အောင် ဗိုလ်မောင်ဘိုရဲ့  နောက်မှာ  ဘာအားကိုး ရှိလို့လဲ?    ဗိုလ်မောင်ဘိုဟာ ယုတ်ရင့်ကြမ်းတမ်း ရက်စက်သလောက် တကယ်တမ်း စစ်မြေပြင် မှာတော့ သူ့ရဲ့ သူရဲဘောကြောင်မှုတွေ၊ စစ်စည်းကမ်းကို ဖောက်ဖျက်ပုံတွေ၊ မြာပွေပုံတွေ အကျင့်စာရိတ္တကြောင့် လုပ်သက်လေးနှစ် လျှော့ခံခဲ့ရပုံတွေကိုလည်း တဆက်တည်း ဖွင့်ချ တင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျား။
ကတုတ်ကျင်း မောင်ဘို
ဒု ဗိုလ်ချုပ်ကြီး မောင်ဘိုဟာ ငယ်စဉ်အရွယ်ကတည်းက မိဘမဲ့ ကလေးတစ်ဦး အဖြစ် ကျောက်ဆည်မြို့တွင် ဆိုးသွမ်းသူ တစ်ဦးဖြစ်ခဲ့ပါတယ်။  ယခု ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်လေးမြင့်ရဲ့ မိဘများက ခေါ်ယူ စောင့်ရှောက်ခဲ့ရာ အချိန်တန်လို့ သမီးဖြစ်သူနှင့် ပေးစားခဲ့ခြင်း ဖြစ်ပါတယ်။ ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် (၃၀) ကျောင်းဆင်း ဖြစ်ပြီး ပြန်တမ်းဝင်အမှတ်၊ ကြည်း (၁၀၃၃၇) ဖြစ်ပါတယ်။

ခလရ (၁၃) ချောက်မြို့တွင် တပ်ခွဲမှူး ဗိုလ်မှူးတာဝန်နှင့် ဌာနချုပ်တပ်ခွဲမှူး တာဝန်များကို ထမ်းဆောင် ခဲ့စဉ်က တပ်ပိုင်ခွဲတမ်းမှ ရေနံချေးနဲ့ ဖယောင်းတိုင် ပါမစ်များကို အလွဲ သုံးစားလုပ် ကိုယ်ကျိုးရှာမှုကြောင့် အမှုဖြစ်ပွားကာ စစ်တရားရုံး ဖွဲ့စည်း စစ်ဆေးခံရပြီး သူ့အား စစ်မှုထမ်းသက် (၄) နှစ် လျှော့ချ ပြစ်ဒဏ် ပေးခဲ့ပါတယ်။

သာမန်အားဖြင့် စစ်ဖက် အရာရှိတစ်ဦး အနေနဲ့ အဆိုပါ ပြစ်ဒဏ်မျိုး ခံရပြီးချိန်မှာ တပ်မတော်တွင် ရာထူး တိုးတက်ဖို့လမ်း လုံးဝ မရှိတော့ဘဲ နိဂုံးချုပ်ကာ အရပ်ဘက် ၀န်ကြီးဌာန တစ်ခုခုသို့ ပြောင်းရင်ပြောင်း၊ မပြောင်းရင် သက်ကြားအို အနေကြာ မေဂျာ ဗိုလ်မှူးဘ၀နဲ့ အရိုးထုတ်သွားရုံသာ ရှိပါတော့တယ်၊ ဒါပေမဲ့ ဗိုလ်မောင်ဘိုကတော့ ကျောက်ဆည်သားပီပီ အမှီကောင်းကောင်းရှာရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အဖားတော်ဖို့ လုံးထွေး ပါတော့တယ်။

မောင်ဘိုရဲ့ ဇနီး ဒေါ်ခင်လေးမြင့်ကို ကျောက်ဆည်မြို့က အထက်တန်းကျောင်းမှာ ဆရာမ လုပ်ခိုင်းပြီး တပ်တွေထဲကိုတောင် လိုက်မနေခိုင်းတော့ဘဲ ကျောက်ဆည်ရှိ ဗိုလ်သန်းရွှေရဲ့ အမကြီး ထံသို့ လည်းကောင်း၊ ကျောက်ဆည်သားများ ဖြစ်ကြတဲ့ ဗိုလ်ချုပ်စောထွန်းနှင့် ဦးသောင်းတို့ရဲ့ ဆွေတော် မျိုးတော်များ အိမ်သို့လည်းကောင်း အ၀င်အထွက် စိပ်ကာ ငယ်ကျွန်ဘ၀ကို လုံးလုံးလျားလျား ခံယူပါတော့တယ်။

ရပခတိုင်းမှူး ဖြစ်ခဲ့တဲ့ ယခု ဒုတပ်ချုပ် ဗိုလ်မောင်အေးဟာ နောင် ရပခတိုင်းမှူး နေရာကို ၀င်လာမဲ့ အရာရှိများအား အမြဲတမ်းစောင့်ကြည့်ကာ ထောက်ကွက် ဖော်လေ့ရှိပါတယ်။ နောင်ရောက်လာတဲ့ ရပခ တိုင်းမှူးတွေ ဖြစ်ကြတဲ့ ဗိုလ်စောထွန်းနဲ့ ဗိုလ်မောင်ဘိုတို့ဟာ ဗိုလ်သန်းရွှေရဲ့ ကျောက်ဆည်သားများ ဖြစ်ကြတာ နဲ့အညီ တပည့်ရင်းများလည်း ဖြစ်တာမို့ သူတို့ရဲ့ အမှားကို ဗိုလ်မောင်အေးက စောင့်ဖမ်းလေ့ရှိပါတယ်။ ဗိုလ်သန်းရွှေအနေနဲ့ ကျောက်ဆည်သားများ ဖြစ်ကြတဲ့ တပည့်ကျော် ဗိုလ်ချုပ်စောထွန်းနဲ့ ဗိုလ်ချုပ်မောင်ဘိုတို့ကို အခြားတိုင်းတွေမှာ တိုင်းမှူးမပေးပဲ ဗိုလ်မောင်အေး ကျက်စားခဲ့တဲ့ ရပခ တိုင်းမှူးကိုသာ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ပေးခဲ့လို့ ဗိုလ်မောင်အေးက ဘ၀င်မကျနိုင် ဖြစ်ခဲ့ရပါတယ်။

ဗိုလ်မောင်ဘိုဆိုရင် ရပခ တိုင်းမှူး ဘ၀တုံးက SSA မှ ခြုံခိုတိုက်မယ်လို့ သူ့အား ပေါ်တင် စိန်ခေါ်စာ ပို့ပါတယ်။ ဗိုလ်မောင်ဘိုဟာ ကြောက်ချီးပါပြီး ကားထဲမှာ သူထိုင်မယ့် နေရာကို အခြားသူအား ထိုင်စေပြီး ချိန်းလိုက်လို့ တကယ်တမ်း ခြုံခိုလဲချရော နေရာချိန်းခံလိုက်ရတဲ့ အရာရှိကြီးဟာ အပစ်ခံခဲ့ရပါတယ်။ ရပခတိုင်း နယ်မြေအတွင်း ရပခတပ်များကို SSA က တိုက်ပွဲ တစ်ပွဲပြီးတစ်ပွဲ အနိုင်တိုက်နေလို့ သိက္ခာ အတုံးလိုက် အတစ်လိုက် ကျနေခဲ့ချိန် ဖြစ်ပါတယ်။

အလားတူ ဗထူးမြို့အ၀င် ရွာတစ်ရွာ အနီးမှာ SSA က ကားလမ်းမ ပေါ်တက်ပြီး တိုက်ခိုက်လို့ ကက (ကြည်း) က ရပခတိုင်းမှူး ဗိုလ်မောင်ဘိုထံ ဆက်တိုက် ထုချေပါတော့တယ်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မောင်အေးက သူ ရပခ တိုင်းမှူး ဘ၀တုန်းက အခြေအနေ မဆိုးဝါးခဲ့ကြောင်း မင်းတို့ (ဗိုလ်စောထွန်းနဲ့ ဗိုလ်မောင်ဘို) လက်ထက်ကျမှ ရပခတိုင်းကြီး ပျက်စီးတော့မယောင် ဖြစ်နေကြောင်း မကျေမနပ် ပြောဆို နှိပ်ကွပ်ခဲ့ပါတယ်။

ဗိုလ်မောင်ဘိုဟာ သူ့တပ်တွေ ကျရူံးမှု ဆက်တိုက်ဖြစ်နေခဲ့ရာ အခဲမကြေဘဲ ကြွက်မနိုင် ကျီမီးနဲ့ရို့  ဆိုသလို အပြစ်မဲ့တဲ့ ရွာသားတွေကို မဲပြီး ရွာလုံးကျွတ် မီးရှို့ခဲ့ပါတယ်။ သူ ရပခ တိုင်းမှူးဘ၀မှာ “အစိတ်သားတောင် မချန်နဲ့” လို့ လေးလပတ် အစည်းအဝေးမှာ တပ်ရင်းမှူး တပ်မှူးများကို ပြောကြားခဲ့ပါတယ်။

မောင်ဘိုဟာ ရပခ ဧရိယာအတွင်း ရွာလုံးကျွတ် ပြောင်းရွေ့ခိုင်းရာမှာ တချို့ ရွာသားများဟာ အသက်ကြီးလို့ မရွေ့ ပြောင်းနိုင် ဒုက္ခရောက်နေချိန်မှာ ပြောင်းရွေ့ဖို့ ငြင်းဆန်တဲ့ ရွာသားများကို သတ်မိန့်ပေးခဲ့ကြောင်း ထောက်လှမ်းရေး (၂) အစီရင်ခံစာ အရ သိရှိခဲ့ရပါတယ်။ ရက်စက်မှု သရဖူကို အစွမ်းကုန် ဆောင်းခဲ့တဲ့ မောင်ဘိုဟာ တနည်းအားဖြင့် ပြောရရင် အောက်လမ်းနည်းနဲ့ သန်းရွှေကို အသားကုန် ဖါးတာဖြစ်ပါ့တယ်။ မောင်ဘိုဟာ တပ်များအား တစ်နေ့လျှင် မြေပုံတစ်တောင် ခရီး အကွာအဝေးအားဖြင့် မြေပြင် မိုင်(၂၀) ကို မနားတမ်း နယ်မြေရှင်းလင်းဖို့ မညှာမတာ ရက်စက်စွာ ခိုင်းတတ်သူလည်း ဖြစ်ပါတယ်။

ဗိုလ်မောင်ဘိုအနေနဲ့ လက်သီးလက်မောင်း တန်းပြနေပေမဲ့ တကယ်တမ်းကျတော့ သတ္တိကြောင်လှသူဖြစ်ကြောင်း သူ့ရဲ့သမိုင်းကြောင်းဟာ မကောင်းလှတာကို စစ်သည်တွေက ခုလို ဖော်ထုတ်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်က ခလရ (၈၁) ကျောက်တစ်လုံး (မုဒုံ) မှာ ဒုတပ်ရင်းမှူး အဆင့်နဲ့ စစ်ကြောင်း (၂) မှူး တာဝန်အား ဗိုလ်မောင်ဘို တာဝန်ထမ်းဆောင်ခဲ့စဉ် ကရင်ပြည်နယ် ၀မ်ခစခန်း တိုက်ပွဲတွင် ကြောက်အားပို ကြောက်ဒူးတုန်နေရာ တိုက်ပွဲပြီးသွားပေမဲ့ ကတုတ်ကျင်း ထဲမှ မထွက်ရဲဘဲနေလို့ သူ့အား “ကတုတ်ကျင်း မောင်ဘို” လို့ ရဲဘော်များက ဘွဲ့ရာထူး ပေးခဲ့ကြပါတယ်။

ရဲဘော်တွေကိုကျတော့ အမ၊ နှမ ဆဲဆို ကြိမ်းမောင်းပြီး ကျည်လွတ် မြေရောက်ရင်တော့ မောင်ဘိုက ရန်သူကို သူ ဘယ်လို ပစ်တာ စသဖြင့် တကယ့် သူရဲကောင်းကြီးသဖွယ် ကြွားလုံးထုတ်လွန်းလို့ အရာရှိများက ရဲဘော်တွေရဲ့ တိတ်တခိုး ဘွဲ့ပေးထားတာကို သိကြပြီး ဟာသတစ်ခု သဖွယ် ရီကြရပါတယ်။
ပါရာဒို ဆရာဘို
၁၉၈၄/၁၉၈၅ ခုနှစ်တွင် ခလရ (၁၈) ဟင်္သာတသို့ တပ်ရင်းမှူး အဆင့်ဖြင့် ဗိုလ်မောင်ဘို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်မောင်ဘိုဟာ ဆင်ကြံ ကြံပြီး သူ့ရဲ့မယားကြီးကို ရာထူးတိုးမြင့်ရာ ပြောင်းရွှေ့ရမဲ့ တပ်တွေကို ခေါ်မသွားတော့ဘဲ  အဖားတော်ဖို့ ကျောက် ဆည်မြို့မှာဘဲ နေစေကာ ကျောင်းဆရာမအဖြစ် ထားရစ်ခဲ့ပါတယ်။

ဗိုလ်မောင်ဘိုဟာ G 1 (စစ်ဦးစီးမှူး ပထမတန်း)၊ စစ်ဗျူဟာမှူး၊ ဒုတိုင်းမှူး စတဲ့ ရာထူး အားလုံးကို မပခတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က လူလွတ်သဖွယ် မြစ်ကြီးနားတခွင် ပြဲပြဲစင် မယားငယ် အိမ်များမှာသာ အိုင်တွေ့တိုင်း ခြေဆေးကာ သွားရောက် အိပ်လေ့ရှိပြီး သောင်းကျန်းခဲ့ ပါတော့တယ်။

ဗိုလ်မောင်ဘိုဟာ အဲဒီလို မယားငယ် အပျော်အမြှောင်ထားကာ ကာမ သောင်းကျန်းလွန်းလို့ မပခတိုင်းမှူး သူ့ရဲ့ဆရာ ဗိုလ်ချုပ်ကျော်ဘက ဗိုလ်မောင်ဘိုအား လက်သီးပြ ထိုးကြိတ်မည်လုပ်ပြီး ဆူပူ ဟန့်တားခဲ့ ရပါသေးတယ်။ အဲဒီလို သောင်းကျန်းခဲ့လို့ AIDS ဖြစ်နိုင်တယ်လို့ သံသယရှိခဲ့ပေမယ့် အသည်းရောဂါနဲ့ ဆုံးတယ်လို့ တရားဝင် သတင်း မှာတော့ ကြေညာခဲ့တာ တွေ့ရပါတယ်။

ထလတ (၈) တပ်မှူးက ဗိုလ်မောင်ဘိုရဲ့ လှုပ်ရှားမှု ညဥ့်ငှက်သောင်းကျန်းမှုတွေကို မှတ်တမ်းတင်ထားလို့ ထလတ ဆိုရင် ဗိုလ်မောင်ဘိုဟာ အသေဖြုံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထောက်လှမ်းရေးတွေဟာ ဗိုလ်မောင်ဘိုရဲ့ ရန်ုကုန်ရှိ ပိုင်ဆိုင်မှု တိုက်တာ စည်းစိမ်ဥစ္စာတွေကို ဗွီဒီယိုပါ ရိုက်ကူးကာ မှတ်တမ်းတင်ခဲ့ပါတယ်။

ဗိုလ်မောင်ဘိုဟာ ကာမ သောင်းကျန်းမှုအပြင် လောဘဇောကလည်း ကမ်းကုန်အောင် ကြီးမားပါတယ်။ ဒုချုပ် ဗိုလ်မောင်အေးရဲ့လူယုံ တပည့် ဖြစ်တဲ့ ဦးအောင်ကိုဝင်း (ဆရာကျောင်း) ကို မောင်ဘိုက ရပခတိုင်းမှူး ဘ၀မှာ ပါရာဒို ကားတစ်စီးအား မိုက်ကြေးခွဲ တောင်းခဲ့လို့  သူ့အား “ကတုတ်ကျင်း မောင်ဘို” ဆိုတဲ့ ဘွဲ့အပြင် “ပါရာဒို ဆရာဘို” လို့ နောက်ထပ် ဘွဲ့တစ်ခုအား  ထပ်တိုးပေးခဲ့ကြပါတယ်။

သူ့ရဲ့သား  ကျော်စွာမြင့် ဆိုရင် (၈) မိုင် မရမ်းကုန်းမှာ ကာရာအိုကေ၊ ဘီယာ စားသောက်ဆိုင် “ဟာရီကိန်း” ဆိုပြီး ဖွင့်လှစ်ထားပါတယ်။ စားသောက်ဆိုင်ကို လာရောက် လည်ပတ်ခဲ့တဲ့ Sponsor ကုန်သည်များနဲ့အတူ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်သန်းရဲ့ လုံခြုံရေး တပ်စုမှူး ဗိုလ်ကြီးတစ်ဦးဟာ မူးယစ်သောင်းကျန်းကာ ဆိုင်ရှိ ကောင်မလေး တစ်ဦးကို အတူတူ ညလိုက်မအိပ်လို့ ဆိုကာ ဆွဲလားရမ်းလား ပဋိပက္ခ ဖြစ်ကာ ဟိုးလေးတကျော် ရှိခဲ့ပါတယ်။

နောက်နေ့မှာ ရန်ကုန်တိုင်းက တိုင်းဦးစီး ဗိုလ်မှူးကြီး  မြတ်ကိုနဲ့ အဲဒီအရာရှိ ကိုယ်တိုင် ကြေအေးဖို့ လိုက်တောင်းပန်သော်လည်း ဗိုလ်မောင်ဘိုရဲ့ သားက အလျော့မပေးပဲ အမှုဖွင့် အရေးယူတဲ့အထိ ပွဲကြမ်းခဲ့တာမို့ အဆိုပါ အရာရှိခမျာ မစားရ အညှော်ခံ (၅) သိန်း ပေးလျော်ပြီး တိုးတိုးတိတ်တိတ် ညှိလိုက်ရပါတယ်။

အင်ယားလမ်း စိမ်းလဲ့ကန်သာ မိသားစုများ အသတ်ခံရမှုနဲ့ စပ်လျဉ်းပြီး ဗိုလ်မောင်ဘို မိသားစု ပါဝင်ပတ်သက်နိုင်ကြောင်း သံသယဖြစ်ဖွယ် ရှိခဲ့ပါတယ်။ ဒေါ်ကြိုင်ကြိုင်ရဲ့ အမျက်ဒေါသကို မျက်နှာလို မျက်နှာရ ဖန်တီးနိုင်သူမှာ ဗိုလ်မောင်ဘိုဟာ ကျောက်ဆည် သားပီပီ “အဖား” တော်သူ ငယ်ကျွန်ကြီး ဖြစ်တာကြောင့် သူ့ရဲ့သားကို လူသတ်မှု စီစဉ်ခိုင်းနိုင်ကြောင်း သံသယဖြစ်ပွားဖွယ် သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

ကစထမှူး ဘ၀တုန်းကလည်း ဗိုလ်မောင်ဘိုဟာ တိုင်းမှူးအချို့နဲ့ လည်းကောင်း ၀န်ကြီး၊ အပစ်ရပ် တိုင်းရင်းသား အချို့နဲ့ လည်းကောင်း ထောက်လှမ်းရေးနဲ့ လည်းကောင်း ပဋိပက္ခ ဖြစ်ပွားခဲ့တာကြောင့် သူ့အား တပ်မတော်ကြည်း/ရေ/လေ စစ်ဆေးရေး အရာရှိချုပ်အဖြစ် ချောင်ထိုးထားလိုက်တာ ခံရပါသေးတယ်။ အမှန်တကယ်တော့ တပ်ရဲ့ ဖွဲ့စည်းပုံမှာ ထုံးစံမရှိဘဲ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကြောင့် ပေးထားရခြင်း ဖြစ်ပြီး ဗိုလ်ချုပ်နဲ့အထက် ပြဿနာ ဖြစ်ပွားပါက သူ့အား လူမိုက် ငှားထားတဲ့ သဘောသာ  ဖြစ်ပါတယ်။

ဗိုလ်မောင်ဘိုဟာ တပ်မတော်အရာရှိကောင်း တစ်ယောက်အနေနဲ့ ရှေ့တန်းမှာ ရဲစွမ်းသတ္တိ ပြခဲ့သူ မဟုတ်တဲ့အပြင် ငွေကြေးနဲ့မိန်းမ ကိုယ်ကျင့်တရား နဲ့ပတ်သက်လို့ အကျင့်စာရိတ္တမှာ ချို့ယွင်းပျက်စီးနေသူ တစ်ဦးဖြစ်တာကြောင့် ဒါကို လူခင်ရင် မူပြင် လျစ်လျူရူခဲ့လို့ တပ်မတော်မှာ အမှန်တကယ် လူတော်အရာရှိများ လူကောင်းအရာရှိများ အတွက် ကြိုးစားချင်စိတ် ကုန်ခမ်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတော် အကြီးအကဲလို့ ဆိုတဲ့ စစ်အာဏာရှင် ဗိုလ်သန်းရွှေ ကိုယ်နှိုက်က စံနမူနာပြ ချမှတ်ထားတဲ့ မူကို လိုက်နာရမယ့်အစား မိမိရဲ့ တစ်မြို့တည်းသား ကျောက်ဆည်မြို့ခံ ဆွေမျိုးတစ်သိုက်ရဲ့ မျက်နှာကိုသာ ကြည့်ပြီး တပည့်မွေး တော်မှုကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ အဖတ်ဆယ်လို့ မရအောင် ကျဆင်းလျက် ရှိနေပါတော့တယ် ဆိုတာ တင်ပြလိုက်ရပါတယ်။
ဆောင်းပါးရှင်-စစ်ဖက်နီးစပ်သူတစ်ဦး
photayokeking.org
ပြန်ဖတ်ရန်


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1