Wednesday, August 1, 2012

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ – အပိုင်း(၇)

Ever November | 8/01/2012 10:22:00 PM | Best Blogger Tips

ဒုဗိုလ်ချုပ်ကြီး ခင်မောင်သန်းဟာ OTS – 31 အပတ်စဉ် ကျောင်းဆင်း ဖြစ်ပြီး ခလရ (၈၉) ကလေးမြို့ မှာ တပ်ရင်းမှူး တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးမှာ ဗိုလ်မှူးကြီး (Col. G.S) တာဝန်ကို ရယူခဲ့ပြီး တပ်မ (၈၈) မှာ ဒုတပ်မမှူး၊ ထို့နောက် တပ်မ (၁၁) တပ်မမှူး ထိုမှ တဆင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို အဆင့်ဆင့် တိုးမြှင့်ပေးအပ်ခံခဲ့ရပြီးမှ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ရာထူးကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ အမျိုးသမီး ဒေါ်မာလာတင့်ဟာ ဆွေစဉ်မျိုးဆက် ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝသူ ဖြစ်ပြီး ရာထူးနဲ့ အာဏာကို ငွေကြေးနဲ့ လမ်းခင်း၍ အဆင့်ဆင့် တက်လမ်း ရရှိအောင် စွမ်းဆောင် ကြိုးပမ်းခဲ့ကြောင်း စစ်တပ် အသိုင်းအ၀ိုင်းမှာ နာမည်ကြီး လူပြောများခဲ့တာ သိရပါတယ်။

ဗိုလ်ခင်မောင်သန်းအနေနဲ့ ကက (ကြည်း) စစ်ဆင်ရေး ဌာနကြီးမှာ Col. G.S ဖြစ်နေချိန်က ၁၉၈၈ လူထု အုံကြွမှု အရေးတော်ပုံကြီး ပြီးခါစ အချိန်မို့ တပ်အတွင်း ရှုပ်ထွေးမှုနဲ့ အလုပ်အရှုပ်ဆုံး အချိန်ကာလ တစ်ခု ဖြစ်ခဲ့ပါတယ်။ ထိပ်ပိုင်း အာဏာရှင်ကြီးတွေ ဖြစ်ကြတဲ့ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွှန့်တို့အပြင် မာကျောခက်ထန် လှတဲ့ ဗိုလ်ချုပ်တွေ ဖြစ်ကြတဲ့ ဗိုလ်မြင့်အောင်၊ ဗိုလ်မောင်လှ၊ ဗိုလ်ထွန်းကြည်တို့နဲ့ ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံ ဆက်ဆံခဲ့ရပါတယ်။
စစ်ရေး ထူးချွန်တဲ့ ဗိုလ်မောင်လှဟာ စစ်ဆင်ရေး အထူးကွပ်ကဲရေးမှူး တာဝန်ထမ်းဆောင်နေစဉ် ရှေ့တန်း စစ်ဆင်ရေး နယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ် အေးကျော် (နောင်အခါ ပြန်ကြားရေး ၀န်ကြီး) ကို လေးကေမှာ ရန်သူ့ လက်နက်ကြီး မော်တာ ထိမှန် ဒဏ်ရာရနေတာမို့ ကက (ကြည်း) ထံ အရေးပေါ် ရဟတ်ယာဉ်တောင်းခံတဲ့ ဖြစ်စဉ် တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီနေရာမှာ ဗိုလ်ခင်မောင်သန်းက ရဟတ်ယာဉ်တောင်းခံလိုရင် Safety Zone လုံခြုံရေး ဧရိယာ ရှိမရှိ လုပ်ထုံးလုပ်နည်းအရ ပြန်လည် မေးမြန်းနေတာမို့ ဗိုလ်မောင်လှက ဒေါသတကြီး ပြန်လည် တုန့်ပြန်မှု ဖြစ်ပွားခဲ့ပါတယ်။

အလားတူ တပ်ချုပ် ဗိုလ်စောမောင်ဟာ ပြည်တွင်းပြည်ပက နိုင်ငံရေး ဖိအားတွေကြောင့် စိတ် ဂယောက်ဂယက် ဖြစ်နေချိန်မှာ Col. G.S ဖြစ်နေတဲ့ ဗိုလ်ခင်မောင်သန်းကို အမိန့် မနာခံမှုနဲ့ စစ်ရုံးမှ မောင်းထုတ်ခိုင်းတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအခါ ဒုချုပ် ဖြစ်နေတဲ့ ဗိုလ်သန်းရွှေက ဗိုလ်ခင်မောင်သန်းကို သနားဂရုဏာသက်ပြီး တပ်မ (၈၈) ဒုတပ်မမှူးအဖြစ် နယ်ကို ပြောင်းရွှေ့ ကယ်တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗိုလ်ခင်မောင်သန်းရဲ့ ဇနီး ဒေါ်မာလာတင့်ဟာ ကုန်းမြင့်သာက ဗိုလ်သန်းရွှေရဲ့ အိမ်တော်ကြီးကို ချောင်းပေါက်မတတ် ကူးလူး ဆက်ဆံ တပည့်ခံကာ မယ်တော်ကြီး ဒေါ်ကြိုင်ကြိုင်အား အစွမ်းကုန် “ဖား´´ နေခဲ့ပါတယ်။

ဗိုလ်ခင်မောင်သန်းရဲ့ ကတော် ဒေါ်မာလာတင့် အနေနဲ့ အိမ်တော်ကြီး အ၀င်အထွက်အတွက် တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်ခွင့် ရသွားသူ ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ယောင်္ကျား ဗိုလ်ခင်မောင်သန်းကို ယနေ့ ထက်တိုင် မကြီးမငယ်နဲ့ “ကိုကို´´ လို့သာ လူရှေ့သူရှေ့  မရှောင် ခေါ်ဝေါ်ပြီး လင်တော်မောင် နေရာရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းသူအဖြစ် စစ်တပ် အသိုင်းအ၀ိုင်းအတွင်း နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း တိုင်းမှူး ကတော် ဘ၀က ဒေါ်မာလာတင့်
သူမရဲ့  သမီး ဟာလည်း လင်ကောင်မပေါ် ဗိုက်ထွက်ခဲ့ပြန်ရာ ထုံးစံအတိုင်း စစ်ဗိုလ် လဒူ တစ်ဦးနဲ့ ဖိအားပေး အကြပ်ကိုင် ဖမ်းပေးစားခဲ့တဲ့ ကိစ္စမှာလည်း နာမည်ကြီးခဲ့ပါတယ်။ အခု ဗိုလ်သန်းရွှေ သမီး သန္တာရွှေလို အဖြစ်မျိုးနဲ့ ဆင်တူသလို စစ်တပ်ထိပ်ပိုင်း လူကြီးတွေရဲ့ သားသမီးတွေမှာ ဒီလို ကိစ္စတွေဟာ အထူးအဆန်း မဟုတ်တော့ဘဲ စစ်တပ်အရာရှိတွေကတော့ သူ့ထက်ငါ ဦးအောင် လှည်းကျိုးထမ်း လိုက်တာလည်း မထူးဆန်းတော့ပါ။ သူမနဲ့ အပြိုင် ကစထမှူး ကတော်တစ်ဦး ဖြစ်ခဲ့တဲ့ ဒေါက်တာ တင်လင်းမြင့်ဟာလည်း ခေသူ မဟုတ်ဘဲ အမျိုးသား ညီလာခံ ကျင်းပရာ ညောင်နှစ်ပင်ရှိ Beauty Saloon အလှပြင်ဆိုင်မှာတောင် အချိန်ပြည့် သွားရောက် အလှပြင် နေခဲ့ပြီး “မမ” လို့ ခေါ်မှ ကြိုက်တဲ့ မိုးထိအောင် လှေကားထောင်နေသူ အာဏာရှင် ကတော်ကြီးတွေအဖြစ် အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြတာကို တွေ့နေရပါတယ်။ အောက်ခြေက စစ်တပ် အသိုင်းအ၀ိုင်း အနေနဲ့ ချို့ တဲ့ ဆင်းရဲဒုက္ခရောက် နေရတဲ့အတွက် သူတို့ကို ကြည့်ရတာ အော့နှလုံး နာစရာ ဖြစ်နေရပါတယ်။

ဗိုလ်ခင်မောင်သန်းဟာ တပ်မ (၁၁) တပ်မမှူး ဖြစ်လာတဲ့အခါ လှေသဘင်ပွဲ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌရာထူး လိုချင်နေလို့ ထိပ်ပိုင်းအာဏာရှင်တွေ ဖြစ်နေကြတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့်တို့ အကြား မကျေမလည် ဖြစ်ခဲ့ရတာလေးလည်း တင်ပြပါဦးမယ်။
ဗိုလ်ခင်ညွှန့်က ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရေတပ်က ဌာနချုပ်မှူး တစ်ဦးကိုသာ လှေသဘင်ပွဲ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်လိုခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေကတော့ သူ့ရဲ့  မဟေသီ ဒေါ်ကြိုင်ကြိုင်ကို အစွမ်းကုန် “ဖား” ထားတဲ့ ဒေါ်မာလာတင့်ကြောင့် ဗိုလ်ခင်မောင်သန်းကိုသာ မဆီမဆိုင် လှေသဘင်ပွဲ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်လိုတာကြောင့် ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့်တို့ သဘောထား ကွဲလွဲကာ အသေးအဖွဲလေးက အစ မကျေမလည် ဖြစ်ခဲ့ရပါတယ်။

ဗိုလ်ခင်မောင်သန်းဟာ ရန်ကုန်တိုင်း တိုင်းမှူး ဖြစ်လာပြန်တော့လည်း ဒုတပ်ချုပ် ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွှန့်တို့ကို လစ်လျူရှုပြီး ဗိုလ်သန်းရွှေကိုသာ အဓိကထား ကိုင်လှုပ် နေတာမို့ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့်တို့နဲ့ မကျေလည်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ် တစ်ခု တင်ပြရရင် ကုန်းမြင့်သာ ဂေါက်ကွင်းမှာ နအဖက ဂေါက်ပြိုင်ပွဲ ကျင်းပစဉ် ရန်ကုန်တိုင်း စစ်ဆင်ရေးကိစ္စ တစ်ရပ်အား ဒုတပ်ချုပ် ဗိုလ်မောင်အေး မသိလိုက်တဲ့ အတွက် မကြည်မလင် ဖြစ်နေရာ ရန်ကုန်တိုင်း တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်ခင်မောင်သန်းက “ဖား” တဲ့ အနေနဲ့ ဗိုလ်မောင်အေးရဲ့  ဂေါက်ရိုက်တုတ်တံကို ကိုင်ပေးမယ် အပြုမှာ ဗိုလ်မောင်အေးက ကိုင်စရာ မလိုတဲ့ဟန် ခပ်ဆတ်ဆတ် ဆောင့်ဆွဲကာ တင်းမာတဲ့ မျက်နှာနဲ့ ပြန်လည် ဆက်ဆံခဲ့ပါတယ်။

ဘုရားကို သိရင် ဘုရားသားတော်တွေကိုလည်း သိရမယ်၊ မေတ္တာပို့ လမ်းလျှောက် နေကြတဲ့ သံဃာတွေကို ထိုင်ရှိခိုးသင့်တယ်။ ရွှေတောင်ကြားလမ်းမှာ ရှိတဲ့ ဇိမ်ခေါင်း ဦးတင်နွယ် ဦးစီးတဲ့ ပြည့်တန်ဆာတွေကို ထားရှိသော ဟော်တယ်တစ်ခုအား ထောက်လှမ်းရေးတပ်များက ၀င်ရောက်စီးနင်းတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာကို ပြောပြပါဦးမယ်။ အဲဒီလို ဖြစ်ပွားခဲ့ရတာကတော့ ဂျပန်ကို ဗိုလ်ခင်ညွှန့်ရောက်ရှိစဉ် ဂျပန်မှာ ရှိတဲ့ မြန်မာတွေက အဲဒီ ဟိုတယ် ပိုင်ရှင် ဇိမ်ခေါင်း ဦးတင်နွယ်နဲ့ ဗိုလ်ခင်ညွှန့်တို့ တွေ့ဆုံပွဲ အခမ်းအနား တစ်ခုတွင် ယှဉ်တွဲ ရိုက်ထားသော ဓာတ်ပုံတစ်ခုအား အဲဒီဟော်တယ် ခမ်းမကြီးရှေ့မှာ ချိတ်ဆွဲကာ အကာအကွယ်ယူ ထားတာနဲ့ ပတ်သက်လို့ ဖော်ထုတ်ကြတာကြောင့် ဗိုလ်ခင်ညွှန့်လည်း ရှက်ဒေါသနဲ့ ဒေါသူ ပုန်ထပြီး အဲဒီ ဟိုတယ်ကို သွားရောက် ချေမှုန်းခိုင်းခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီ ဦးတင်နွယ်ဟာ ရဲလေးလပတ်တိုင်း SB နဲ့ MI က အရာရှိတွေကို တက္ကသိုလ်ကျောင်းသူ လိုမျိုး အလှပဂေးများနဲ့ အဲဒီ ဟိုတယ်မှာ ဖြေဖျော်စေကာ ထိုးကျွေး နှုတ်ပိတ်ထားတာမို့ အပိုင်ဆုံး ဇိမ်ခေါင်း တစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ တာဝန်ရှိတဲ့ ဗိုလ်ခင်မောင်သန်းရဲ့  ညီ အရင်းဖြစ်တဲ့ ရန်ကုန်တိုင်း ဒုတိုင်းရဲမင်းကြီး မြင့်အောင်ကို ဖြုတ်ပစ်လိုက်တဲ့အခါ ဗိုလ်ခင်မောင်သန်းဟာ ထောက်လှမ်းရေး တပ်က အရာရှိတွေလည်း ဒီကိစ္စနဲ့ ကင်းလို့လား ဆိုပြီး ပြန်ထောက်တဲ့အတွက် ဗိုလ်ခင်ညွှန့်နဲ့ အငြိုးအတေး ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
စစ်တော့ စစ်တာဘဲ၊ ဘာတွေလုပ်ပေးသလဲတော့ မသိဘူး
အဲဒီနောက်မှာတော့ ဗိုလ်ခင်မောင်သန်းဟာ ကစထမှူး တစ်ဦးအနေနဲ့သာ ချောင်ထိုးခံရပြီး ရန်ကုန်တိုင်းကို မအုပ်ချုပ်ရဘဲ နတခ (ဧရာဝတီ)၊ တပခ (ပဲခူး)၊ နပခ (ရခိုင်)၊ တိုင်းသုံးတိုင်းကို ကိုင်ရတဲ့ ကစထမှူးဘ၀ ရောက်သွားခဲ့ပါတယ်။ သူ့ရဲ့ရင်တွင်းဖြစ် စကားကတော့ သူမှန်းထားတဲ့ စစ်ထောက်ချုပ် ရာထူး မရလိုက်လို့ ကစထမှူး ဘ၀မှ အမြန်ဆုံး နှုတ်ထွက်ချင် နေတယ်ဆိုတဲ့ အကြောင်းနဲ့ အခု နောက်ဆုံးမှာ သူ့ရဲ့ မဟေသီဟာ ဘယ်လိုဘဲ အလိုက်ကောင်းခဲ့ပေမဲ့ သူ့အနေနဲ့ ဘယ်လိုဘဲ စစ်အာဏာရှင် ထိပ်သီး ဖြစ်ချင်ခဲ့ပေမဲ့ ကစထမှူး ဘ၀မှ အငြိမ်းစား ပေးခံလိုက်ရပြီ ဆိုတာကို တင်ပြလိုက်ပါတယ်။ အငြိမ်းစား ဖြစ်သွားတဲ့ ဗိုလ်ခင်မောင်သန်းကို တစ်ခုတော့ မေးလိုက်ချင်ပါတယ်။ ကိုယ့်ရဲ့ ရာထူး အာဏာ ခိုင်မြဲဖို့ ကိုယ့်ရဲ့  အထက်လူကြီးတွေ ကျေနပ်ဖို့ လုပ်ခဲ့တာတွေမှာ ကိုယ့်နိုင်ငံသားတွေ အတွက်ရော ဘာများ ထူးထူးခြားခြား ကောင်းမွန်အောင် လုပ်ခဲ့တာ ရှိပါသလဲလို့ မေးကြည့်ချင်ပါတယ်ခင်ဗျား။
ဆောင်းပါးရှင်-စစ်ဖက်နီးစပ်သူတစ်ဦး
photayokeking.org
ပြန်ဖတ်ရန်
သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ – အပိုင်း(၁)


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1